၁၉၂၄ ခုနှစ်မှ စတင်ခဲ့သော ရန်ကုန်ရွက်လှေအသင်းနှင့်အတူ ပေါ်ပေါက်လာသည့် မြန်မာ့ရွက်လှေအားကစားသည် ယခု ၂၀၂၄ ခုနှစ်တွင် နှစ် ၁၀၀ (ရာပြည့်ကာလ) သို့ ချင်းနင်းဝင်ရောက်လာပြီဖြစ်သည်။
မြန်မာ့ရွက်လှေအဖွဲ့ချုပ်ကြီးက ရွက်လှေအားကစား ရာပြည့်အကြိုလှုပ်ရှားမှုများ ပြုလုပ်နေပြီး တစ်ဖက်တွင်လည်း ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်ဝင် ပြိုင်ဘက်အသင်းများအား အနိုင်ရရှိရေး အစွမ်းကုန်ကြိုးပမ်းနေချိန်ဖြစ်သည်။
နှစ် ၁၀၀ (ရာပြည့်အကြို) လှုပ်ရှားမှုအနေဖြင့် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ကြီးက ကြီးမှူးကျင်းပသည့် အမျိုးသားတံခွန်စိုက်ရွက်လှေပြိုင်ပွဲကြီးကို ရန်ကုန်မြို့ရှိ အင်းလျားကန်နှင့် ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေ (Ngwesaung Yacht Club & Resort) တွင် မတ် ၁၆ ရက်မှ မေ ၁၂ ရက်အထိ ကျင်းပခဲ့ရာ တာဝန်ရှိသူများနှင့် ဆုရရှိသူများ၏ ရင်တွင်းစကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။
မြန်မာနိုင်ငံရွက်လှေအားကစားအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးမောင်ဝင်း
“အခုကျင်းပနေတဲ့ မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် အမျိုးသားတံခွန်စိုက်ပြိုင်ပွဲဆုပေးပွဲဟာဆိုရင် ရန်ကုန်ရွက်လှေအသင်း နှစ် ၁၀၀ ပြည့်နဲ့ တိုက်ဆိုင်တဲ့ ဂုဏ်ပြုအခမ်းအနားဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်နဲ့ ရန်ကုန်ရွက်လှေအသင်းတို့ဟာ ရွက်လှေအားကစားဗဟိုပြု ဒင်္ဂါးပြားတစ်ပြားရဲ့ ခေါင်းနဲ့ပန်းလို ခွဲခြားမရပေမယ့် Nature က မတူပါဘူး၊ အဖွဲ့ချုပ်က အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီကွပ်ကဲမှုအောက် Semi Government ဖြစ်ပြီး ရန်ကုန်ရွက်လှေအသင်းကတော့ Non- Profit Organization Member Club ဖြစ်ပါ တယ်။ ၁၉၂၄ ခုနှစ်က အင်္ဂလိပ်ဘုရင်ခံ စတင်ဖွင့်လှစ်ခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်ဟာ နှစ် ၁၀၀ ပြည့်မြောက်ပြီဖြစ်ပါတယ်။
1961 2nd SEAP Games ရွက်လှေပြိုင်ပွဲကို ပထမဦးဆုံး ကျွန်တော်တို့နိုင်ငံက ထည့်သွင်းကျင်းပခဲ့တဲ့ ရွက်လှေအားကစား ဦးဆောင်နိုင်ငံဖြစ်ပြီး Class နှစ်မျိုးစလုံး ရွှေတံဆိပ် ဆွတ်ခူးခဲ့သလို 1969, 5th SEAP Games ငပလီမှာလည်း ရွှေတံဆိပ် လေးခုစလုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။
2013,27th SEA Games ငွေဆောင်မှာလည်း ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခု ဆွတ်ခူးပြီး ဂုဏ်သိက္ခာမြင့်မားစွာ လက်ခံကျင်းပနိုင်ခဲ့လို့ ပြိုင်ပွဲကြီးကြပ်သူများနဲ့ ပြိုင်ပွဲဝင်အားလုံးက ချီးကျူးထောမနာပြုခဲ့ကြပါတယ်။ 2025 Thai 33rd SEA Games မှာ ဒီအစဉ်အလာကောင်းတွေကို ထိန်းသိမ်းနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတဲ့အချိန် ဖြစ်ပါတယ်။”
ကိုစိုင်းပြည့်စုံဟိန်း (မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်-နည်းပြချုပ်)
“အခုကျွန်တော်တို့ လက်ရှိပြိုင်သွားတဲ့ အမျိုးသားတံခွန်စိုက်ရွက်လှေပြိုင်ပွဲက အတန်း ၈ တန်းထိပါတယ်။ အတန်း ၈ တန်းမှာ Optimist ခေါ်တဲ့ အသက် ၁၆ နှစ်အောက် တစ်ယောက်စီးလှေလေးတွေ ရယ်ပါတယ်။ ILCA-4 ရယ်၊ ILCA- 6 ကျား၊ မရယ်ပါတယ်။ သူတို့ပွဲတွေကိုကျတော့ ပြီးခဲ့တဲ့မတ်လမှာ ငွေဆောင်ပင်လယ်ပြင် လေ့ကျင့်ရေးအပြီးမှာ တစ်ခါတည်း ပြိုင်ပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ အင်းလျားကန်မှာကျတော့ Rater ရယ်၊ Sharpie A ,B ,C အတန်း လေးတန်းက ဒီအင်းလျားကန်မှာ ပြိုင်ခဲ့တယ်။ ဒါကတော့ ကျွန်တော်တို့အဖွဲ့ချုပ်က နှစ်စဉ်ကျင်းပတဲ့ အကြီးဆုံးပြိုင်ပွဲတစ်ပွဲဖြစ်ပါတယ်။ လက်ရှိ အားကစားသမားတွေနဲ့ ပြိုင်ပွဲဝင်တွေ အပေါ်မှာတော့ အများကြီးအားရကျေနပ်မှုရှိပါတယ်။ ကိုဗစ်မတိုင်မီနှစ်တွေက ပြိုင်ပွဲဝင်အရေအတွက်ထက် ပိုပြီးများလာတဲ့အတွက် အားရကျေနပ်မှုရှိတယ်၊ ကိုဗစ်နောက်ပိုင်းမှာတော့ အသက်အရွယ်အရရော၊ ကလေးတွေရော အများအားဖြင့် နားသွားတဲ့အခါကျတော့ ကိုဗစ်အလွန် ၂၀၂၂ ခုနှစ်မှ ပြန်ပြီးထူထောင်တဲ့ အနေအထား၊ ၂၀၂၂ ခုနှစ်မှ သင်တန်းတွေ ပြန်ပြီးဖွင့်ကျတာ၊ အဲဒါကြောင့်မို့ အားကစားသမားတွေ ပြန်ပြီးရရှိလာတဲ့ အနေအထားဖြစ်လာတာ၊ အခုအနေအထားအရဆိုရင် အားရကျေနပ်မှုရှိပါတယ်။
ဒီလက်ရှိ အားကစားသမားတွေထဲကမှ SEA Games ပြိုင်ပွဲအတွက် ဆက်လက်လေ့ကျင့်ပေးသွားဦးမှာဖြစ်ပါတယ်။ ရန်ကုန်ရွက်လှေအသင်းရဲ့ နှစ် ၁၀၀ ပြည့်လည်းဖြစ်သလို၊ ရွက်လှေအားကစားရဲ့ ရာပြည့်ပွဲလို့လည်း ပြောလို့ရတယ်၊ ဒါကြုံတောင့်ကြုံခဲပါပဲ၊ ဒီအချိန်ကာလမှာ ဒီကလပ်မှာ ရှိနေတဲ့လူတွေအတွက်ပေါ့နော်၊ ကြုံတောင့်ကြုံခဲဖြစ်လို့ အလွန်ပဲဝမ်းသာပါတယ်၊ ကျွန်တော်တို့ ရွက်လှေအားကစားနည်းကတော့ လူနည်းစုအားကစားနည်းလည်းဖြစ်နေတော့ သိတဲ့သူလည်း နည်းပါတယ်။ ရွက်လှေအားကစားနည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့ ဆက်ပြီးကြိုးစားသွားမယ်၊ ကျွန်တော်တို့ရည်မှန်းချက်ပန်းတိုင်မှာလည်း ပါတယ်။ တခြားသူတွေအနေနဲ့လည်း ရွက်လှေအားကစားကို စိတ်ဝင်စားရင် စမ်းသပ်စီးနင်းကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။”
ကိုဇော်မြင့်သန်း ( ဆုရ အားကစားသမား)
“ကျွန်တော်ပြိုင်ပွဲပေါင်း ငါးပွဲပြိုင်ရတယ်။ ပထမဦးဆုံး သုံးပွဲမှာ ပထမ သုံးခါဆက်တိုက်ရတယ်။ ပထမရက်မှာပဲ သုံးခါဆက်တိုက်ရတော့ ကိုယ့်ကိုယ်ကိုယ် သေချာပြီလို့ ထင်ခဲ့ပေမယ့် ဒုတိယနေ့ပွဲမှာ လေတွေက ကိုယ့်အတွက်မဖြစ်တဲ့အခါကျတော့ အခြားသူရဲ့ အမှတ်တိုင်း ဖြစ်သလောက်နီးပါး ဖြစ်သွားတယ်ပေါ့။ ဒုတိယနေ့မှာတော့ တော်တော်ခက်ခက်ခဲခဲပြိုင်ခဲ့ရတယ်။ Sharpie C မှာ ကျွန်တော် တို့အားလုံး ပြိုင်ကြတာ ၁၄ ယောက်ပြိုင်ကြတာ။ တစ်ယောက်ကမလာတော့ ၁၃ စင်းပြိုင်တာ၊ အားလုံးငါးပွဲပြိုင်ရာမှာ ပျမ်းမျှအမှတ် အနည်းဆုံးနဲ့ ကျွန်တော် ပထမရတယ်။ ကျွန်တော်တို့ရွက်လှေအားကစားမှာဆိုရင်လည်း ဟိုအရင် အာဆီယံတွေမှာ ကိုစည်သူတို့၊ ဆရာအောင်မြင်သူတို့လက်ထက်ကတော့ တောက်လျှောက် ရွှေတွေရခဲ့တာပေါ့။ မြန်မာဆိုရင် အာဆီယံရွက်လှေမှာ ရွက်လှေကတော့ အကောင်းဆုံးထိပ်တန်းမှာ တကယ့်နိုင်ငံခြား Training တွေ၊ ဥက္ကဋ္ဌကြီးရဲ့ ပံ့ပိုးမှုတွေနဲ့ တောက်လျှောက်ကောင်းခဲ့ကြတယ်။ ဒါပေမယ့် အခုနောက် ပိုင်းမျိုးဆက်တွေမှာတော့ ဆုတံဆိပ်အနေနဲ့ အာဆီယံအဆင့်မှာတော့ ရွှေတွေ မရခဲ့ဘူး။ အခုလတ်တလောမှာ ကလေးတွေ ၁၀နှစ်တန်းတွေ၊ ၁၂ နှစ်တန်းတွေ နိုင်ငံတကာပွဲတွေ တောက်လျှောက် သုံးလတစ်ကြိမ်လောက်ကို ထွက်ပြီးတော့ အား/ကာကလည်း အကုန်အကျခံတယ်၊ ဒီဘက်ကလည်း တတ်နိုင်တဲ့ဘက်က အကုန်လုံးစုထည့်ပြီးတော့ နည်းနည်းလေးတော့ နိုင်ငံတကာတန်းတော့ ပြန်ဝင်လာပြီ၊ မကြာခင် ကိုစည်သူတို့ရခဲ့ တဲ့အချိန်ရွှေခေတ်ကိုတော့ ပြန်ရောက်မယ်လို့တော့ ယူဆပါတယ်။
ကျွန်တော်တို့ အသက်အရွယ်ဆိုရင် အခု ၄၅ နှစ်ရောက်ပြီဆိုတော့ အာဆီယံပြိုင်ပွဲတွေ၊ အခြားနိုင်ငံတကာအဆင့်ပြိုင်ပွဲတွေ မှန်းလို့မရတော့ပါဘူး။ နောက်လာမယ့်မျိုးဆက်အတွက် ရွက်လှေအားကစားက အခြားအားကစားတွေနဲ့မတူဘူး။ ရွက်လှေမှာတော့ ရန်ကုန် ရွက်လှေအသင်းရှိနေတဲ့အတွက် ဟိုးနှစ်က ရွှေရခဲ့တဲ့သူတွေက အခုချိန်မှာ လက်ပွန်းတတီး တိုက်ရိုက်ပို့ချလို့ရတယ်။ အဲ့ဒီအတွက် ကလေးတွေအလားအလာလည်းကောင်းမယ်။ ရွှေရခဲ့တဲ့ မျိုးဆက်တွေကလည်း သေသေချာချာသင်ပေးနိုင်တဲ့အတွက် ဒီအားကစားကို ကျွန်တော်တို့မြန်မာနိုင်ငံမှာ အလားအလာအရှိဆုံးအားကစားလို့၊ မကြာခင်ကာလမှာ နောက်ထပ် ရွှေတွေ၊ ငွေတွေ ထပ်ယူလို့ရမယ့် အားကစားမကြာခင်ကာလမှာ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။”
မောင်ထက်လင်းဇော် (ဆုရအားကစားသမား)
“ပြိုင်ပွဲအမျိုးအစား လေးမျိုးဝင်ပြိုင်ထားတယ်။ ပထမဦးဆုံး သုံးလပိုင်း ငွေဆောင် (ILCA - 6 men fleet ) မှာ ယှဉ်ပြိုင်ထားပြီးတော့ ပထမရထားပါတယ်။ ပြီးတော့ ဒီအင်းလျားကန်မှာပဲ Sharpie B မှာတော့ ဒုတိယရထားပါတယ်။ Rater မှာကျတော့ ဒုတိယရထားပါတယ်။ အသက်က ၁၈ နှစ်ပါ။ ရွက်လှေ အားကစားနဲ့ပတ်သက်ပြီးတော့ အကောင်းဆုံးဖြစ်ချင်တာပေါ့။ ဒီနိုင်ငံ တကာပွဲတွေမှာ ဆုရဖို့အထိ ရည်ရွယ်ထားတယ်။ ရွက်လှေကို ၂၀၁၆ ခုနှစ်ကတည်းက စစီးတာပါ။ အဲဒီတုန်းက အသက် ၁၆ နှစ်အောက်မှာစီးရမယ့် Optimist ဆိုတဲ့ လှေမှာ လေးနှစ်လောက်စီးခဲ့ပြီး နိုင်ငံတကာပွဲတွေပြိုင်တယ်၊ ၂၀၁၇ မလေးရှား Sea Games ၊ ၂၀၁၉ ခုနှစ် ဖိလစ်ပိုင် Sea Games တွေမှာ ဝင်ပြိုင်ထားတယ်။ အခြား ဖိတ်ခေါ်ပြိုင်ပွဲတွေ၊ World Championship, Asian & Oceanian ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ထားပါတယ်။ နိုင်ငံတကာပွဲတွေ ဝင်ပြိုင်တုန်းက ၂၀၁၈ ဟောင်ကောင်မှာလုပ်တဲ့ပွဲမှာတော့ ယောကျ်ားလေး Overall မှာ တတိယရတယ်။ Under 12 မှာ ပထမရထားပါတယ်။ ၂၀၁၈ ခုနှစ် စင်ကာပူ National Championship မှာလည်း Under 12 မှာ ဒုတိယရထားပါတယ်။
ရွက်လှေအားကစားကျတော့ တခြားအားကစားနည်းတွေနဲ့ လုပ်ရတာချင်း တူတယ်ဆိုပေမယ့် ရွက်လှေမှာက ကိုယ့်ရဲ့ကြံ့ခိုင်မှုတွေ လိုအပ်သလို၊ တွေးခေါ်မှုအပိုင်းကအစ လိုအပ်တယ်။ ပြိုင်ပွဲတစ်ပွဲ ဝင်ပြိုင်ပြီဆိုကတည်းက လှုပ်ရှားမှုတွေ ဘာတွေစပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံး အသုံးပြုရသလို ဦးနှောက်ကလည်း ကြိုပြီးခန့်မှန်းရတယ်။
ရွက်လှေက နှစ် ၁၀၀ ပြည့်ပြီဆိုတော့ ရှေ့ကစပြီးလုပ်ခဲ့တဲ့ လူကြီးတွေ သူတို့တွေ ကြိုးစားပမ်းစားလုပ်ခဲ့လို့ ထင်ပါတယ်။ သူတို့တွေ အစဉ်အဆက်ထိန်းသိမ်း လာလို့လည်း ဒီအချိန်ထိ ဖြစ်လာတာ၊ လေးစားမိပါတယ်၊ ကိုယ်တွေကလည်း ရှေ့ကလူကြီးတွေ ကြိုးစားခဲ့သလို ဆက်ပြီးကြိုးစားမှ အဓွန့်ရှည်မှာပါ။”
မောင်ခွန်ထွန်းဦး (ဆုရအားကစားသမား)
“ဝင်ပြိုင်ခဲ့တာကတော့ ပြိုင်ပွဲ နှစ်ခုပေါ့။ ဆုရခဲ့တာကတော့ Sharpie B မှာချန်ပီယံပေါ့။ ပြိုင်ပွဲတွေက ငယ်ငယ်ကတည်းကပြိုင်တာ အသက် ကိုးနှစ်ကတည်းက လှေစစီးတာပါ။ နိုင်ငံတကာပြိုင်ပွဲတွေ ဝင်ပြိုင်ဖူးပါတယ်။ ဆုရခဲ့တာ မရှိပါဘူး။ စင်ကာပူ National Champion- ship ရယ်၊ ထိုင်းပတ္တရားပြိုင်ပွဲ၊ လာမယ့်ပြိုင်ပွဲတွေမှာလည်း အကောင်းဆုံးကြိုးစားသွားမှာပါ။ ထိုင်းနိုင်ငံမှာကျင်းပမယ့် Sea Games ပြိုင်ပွဲမှာလည်း အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ၊ ဆုတံဆိပ်တွေ ရလာမယ်လို့ မျှော်လင့်မိပါတယ်။”
တွေ့ဆုံမေးမြန်း - နဒီမင်း၊ ဓာတ်ပုံ - ကျော်ကြီး