ရန်ကုန် မေ ၁၈
ကိုရီးယားသမ္မတနိုင်ငံ၌ ကျွမ်းကျင်လုပ်သားရှားပါးလာသည့် အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် E-9 Visa လုပ်သားများအနေဖြင့် သတ်မှတ်ရမှတ်များနှင့် ပြည့်မီပါက E-7-4 Visa (ကျွမ်းကျင်လုပ်သား ဗီဇာ) ပြောင်းလဲလျှောက်ထားနိုင်ကြောင်း ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးကြေညာထားသည်။
အဆိုပါ သံရုံးအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ၏ ပြောင်းလဲလိုက်သော ဗီဇာမူဝါဒအခြေအနေကို မေ ၁၆ ရက်တွင် အသိပေးခဲ့ခြင်းဖြစ်သည်။ ထိုကြေညာချက်၌ ကိုရီးယားသမ္မတနိုင်ငံ တရားရေး ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် 2024 Briefing Session on Visa Policy အစည်းအဝေးသို့ မြန်မာ သံရုံး ဆိုလ်းမြို့မှ ပါဝင်တက်ရောက်ခဲ့ရာ အဆိုပါအစည်းအဝေးတွင် ကိုရီးယားသမ္မတနိုင်ငံ၌ ကျွမ်းကျင်လုပ်သားရှားပါးလာသည့် အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် E-9 Visa လုပ်သားများအနေဖြင့် သတ်မှတ်ရမှတ်များနှင့် ပြည့်မီပါက E-7 - 4 Visa (ကျွမ်းကျင်လုပ်သား ဗီဇာ) ပြောင်းလဲလျှောက်ထားနိုင်ကြောင်းကို သက်ဆိုင်ရာသံရုံးမှတစ်ဆင့် အသိပေးကြေညာနိုင်ရန် ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့သည်ဟု အသိပေးထားသည်။
ဆွေးနွေးချက်များအရ E-7-4 Visa လျှောက်ထားလိုသူများအနေဖြင့် E-9 ၊ E-10 နှင့် H-2 Visa ဖြင့်နေထိုင်သူများလျှောက်ထားနိုင်ပြီး ကိုရီးယားနိုင်ငံအတွင်း လွန်ခဲ့သည့် ၁၀ နှစ်အတွင်း၌ လေးနှစ်နှင့်အထက် နေထိုင်သူ၊ လက်ရှိအလုပ်လုပ်ကိုင်နေသည့် ကုမ္ပဏီတွင် အလုပ်သမားစာချုပ် နှစ်နှစ်အနည်းဆုံးရှိရမည်ဖြစ်ပြီး နှစ်စဉ်လုပ်ခလစာ ကိုရီးယားဝမ် ၂၆ သန်းနှင့်အထက်ရရှိသူဖြစ်ရ မည်ဟုပါရှိသည်။
ထို့အတူ လုပ်သက်တစ်နှစ်နှင့်အထက် အနည်းဆုံးရရှိထားသော လက်ရှိလုပ်ကိုင်နေသည့် ကုမ္ပဏီထောက်ခံချက်နှင့် ကိုရီးယားဘာသာစကား တတ်ကျွမ်းမှုရမှတ် ၂၀၀ နှင့်အထက်ရရှိသူနှင့် ကိုရီး ယားနိုင်ငံအတွင်း၌ နေထိုင်ပြီး ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ဖူးခြင်းမရှိသူ ဖြစ်ရမည်ဟုလည်း ဖော်ပြထားသည်။
ထို့အပြင် ကိုရီးယားနိုင်ငံ၏ မွေးဖွားမှုနှုန်း ကျဆင်းခြင်းနှင့် သက်ကြီးရွယ်အိုများပြားလာခြင်း၊ လုပ်ငန်းခွင် ဝင်ရောက်နိုင်သူ နည်းပါးလာခြင်းအခြေအနေတို့ကြောင့် နယ်မြို့ ၆၆ မြို့တွင် နိုင်ငံခြားသားများအတွက် ရည်ရွယ်၍ Regional-Specialized Visa(F-2-R) ကိုလျှောက်ထားနိုင်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို https://www.hikorea.go.ko/Main.pt တွင် လေ့လာနိုင် ကြောင်းလည်း သံရုံးမှ အသိပေးကြေညာထားသည်။
MT