Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား ကျင်းပ

နေပြည်တော် မေ ၁၆

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇) ရဲရွာခန်းမ၌ ကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်း/ကော်ပိုရေးရှင်းတို့မှဥက္ကဋ္ဌ၊ ဒါရိုက်တာအဖွဲ့ဝင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ဝင်များ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ CPU အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများကို ကျင်းပခြင်းအားဖြင့် ဝန်ကြီးဌာနနှင့် ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းအားလုံးအနေဖြင့် အဂတိလိုက်စားမှုဖြစ်စေနိုင်သည့်ကိစ္စရပ်များ၊ နိုင်ငံတော်အနေဖြင့် နစ်နာဆုံးရှုံးမှုများ၊ ဆိုးကျိုးများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါပြဋ္ဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိပြီး တာဝန်ယူ/တာဝန်ခံမှု၊ ပွင့်လင်းမြင်သာစွာဖြင့် ကျောသားရင်သားမခွဲခြားဘဲ မျှတစွာဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော်တည်ဆောက်နိုင်မှသာ နိုင်ငံတော်အနေဖြင့်လည်း ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအတွင်း အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရေးအတွက် မူဝါဒများ၊ လုပ်ငန်းလမ်းညွှန်ချက်များ၊ စီမံချက်များနှင့်အညီ ဆက်လက် အကောင်အထည်ဖော် စီမံဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက အဂတိလိုက်စားမှုကို လာဘ်ပေးလာဘ်ယူအဖြစ်သာသိကြပြီး ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော်ပိုင်ဘဏ္ဍာနှင့်ပစ္စည်းများကို အလွဲသုံးစားပြုခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ကိုယ်ပိုင်အဖြစ်သုံးစွဲခြင်း၊ မလျော်ဩဇာသုံး၍ မဲဆွယ်လွှမ်းမိုးခြင်း၊ မိမိမိသားစုနှင့် ဆွေမျိုးကောင်းစားရေးဝါဒ အသုံးပြုခြင်း၊ မိမိနှင့်နီးစပ်အဆင်ပြေသူ ကောင်းစားရေးဝါဒရှိခြင်းတို့သည်လည်း အဂတိလိုက်စားမှု မြောက်သည့်အပြုအမူများဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုပုံစံအားလုံးသည် နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပါကြောင်း၊ နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဟောပြောပွဲမှ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ အသိအမြင်၊ ဗဟုသုတများရရှိပြီး နိုင်ငံ့တာဝန်ကို ရိုးသားဖြောင့်မတ်စွာထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ကြစေလိုကြောင်းနှင့် ထပ်ဆင့်မျှဝေပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း၊ အသိပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု၏ သဘောသဘာဝများနှင့်စပ်လျဉ်း၍လည်းကောင်း၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ သတင်း၊ တိုင်ကြားစာနှင့်မှတ်တမ်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမော်က တိုင်ကြားစာကဏ္ဍနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ် သိန်းခေါင်းဆောင်၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) များနှင့်တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်