Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်

နေပြည်တော် မေ ၁၆

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့၌ “ဥတုရာသီဒဏ်တွန်းလှန်နိုင်ရေး ရှေးဦးအရွယ် ကလေးသူငယ်ပညာရေးမှ အခြေချပေး” (Building Climate Resilience from the Start: Early Childhood Education for Sustainable Future) ဟူ သော ဦးတည်ချက်ဖြင့် ကျင်းပသည့် ASEAN Ministerial Meeting on Ensuring Equal Access to Quality Early Child- hood Development and Care  အစည်းအဝေးသို့ တက်ရောက်သည်။

ဦးစွာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ပညာရေးနှင့်အားကစားဝန်ကြီးဌာနဝန်ကြီး H.E. Dr. Phout Simmalavong နှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn တို့က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အာဆီယံနိုင်ငံများမှ ပညာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် နိုင်ငံအလိုက် အမှာစကားပြောကြားကြသည်။

ယင်းအစီအစဉ်တွင် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဖွံ့ဖြိုးတိုးတက်နေသော ယနေ့ခေတ်ကာလ၌ ကလေးငယ်များ၏ ပညာရေးနှင့် လူမှုရေးသာမက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးမှာ အလွန်အရေးပါကြောင်း၊ ကလေးငယ်ဘဝမှအစပြု၍ ရရှိသည့်အတွေ့အကြုံများသည် ၎င်းတို့၏ဘဝနှင့် ကျင်လည်ရာဝန်းကျင်ကမ္ဘာကြီးကို များစွာအကျိုးဖြစ်ထွန်းနိုင်ပါကြောင်း၊ ထို့ကြောင့်လည်း ယနေ့ကျင်းပသည့် အစည်းအဝေးကြီး၏ Theme ဖြစ်သည့် “ဥတုရာသီဒဏ် တွန်းလှန်နိုင်ရေး ရှေးဦးအရွယ် ကလေးသူငယ်ပညာရေးမှ အခြေချပေး”ဆိုသည့်အတိုင်း သဘာဝဘေးအန္တရာယ်များနှင့် ပိုမိုရင်ဆိုင်ကြုံတွေ့လာရသည့် ကမ္ဘာကြီးတွင် အနာဂတ်လူငယ်များ ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ရေး ကလေးသူငယ်အရွယ်မှစ၍ လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပညာရေးကဏ္ဍ၌ တွေ့ကြုံရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်၊ လူငယ်များ၏ အနာဂတ်အလားအလာများကို အပြည့်အဝဖန်တီးပေးနိုင်ရန် ၂၀၂၃ ခုနှစ်၌ ပညာရေးညီလာခံကျင်းပခဲ့ပါကြောင်း၊ ထိုသို့ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနတို့၏ ကြိုးပမ်းအားထုတ်မှုဖြင့်ရရှိလာသည့် အသီးအပွင့်များမှ သိသာထင်ရှားသော ရလဒ်တစ်ခုမှာ ကျောင်းအခြေပြုမူကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ယင်းကျောင်းများ၌လည်း ကျောင်းတက်ရောက်သူဦးရေ တိုးမြင့်ခဲ့ပါကြောင်း၊ ကလေးသူငယ်များကို အသက်အရွယ်အလိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာများကို မိတ်ဆက်ပေး၍ ရာသီဥတုဒဏ် တွန်းလှန်နိုင်ရေး အဆင့်လိုက်လေ့ကျင့်ပေးရာ၌ ပထမအဆင့်တွင် ပုံပြင်များပြောခြင်း၊ ဆော့ကစားစေခြင်းတို့ဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးသဘောတရားများကို ရှင်းပြနိုင်ပါကြောင်း။

ထို့ပြင် ပန်းခြံများ၊ ဥယျာဉ်များသို့ သွားရောက်လည်ပတ်ခြင်း၊ လမ်းလျှောက်ထွက်ခြင်း၊ သစ်ပင်ပန်းပင်များ စိုက်ပျိုးစေခြင်းတို့ဖြင့် မတူညီသောဂေဟစနစ်နှင့် သဘာဝဖြစ်စဉ်များကို ကလေးငယ်များ စူးစမ်းလေ့လာလိုစိတ်ရှိလာစေရန် လေ့ကျင့်မွေးမြူပေးရမည်ဖြစ်ကြောင်း၊ ထို့နောက် တိရစ္ဆာန်၊ အပင်နှင့် လူသားတို့အပေါ် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများကို သင်ကြားပေးခြင်း၊ တိရစ္ဆာန်များအပေါ် သနားကြင်နာစိတ်ရှိလာစေရေး အားပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုစိတ်ထား မျိုးစေ့ချပေးခြင်း၊ ဆက်လက်၍ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရာသီဥတုဆိုင်ရာပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်မှုကို ပြသနိုင်ပါကြောင်း၊ အလားတူပင် ပတ်ဝန်းကျင်ဆိုင်ရာ အယူအဆများပါဝင်သည့် အသက်အရွယ်အလိုက် သင့်တော်သောစာအုပ်များ၊ ဗီဒီယိုများနှင့် အရင်းအမြစ်များကို ပံ့ပိုးပေးခြင်းတို့ ပြုလုပ်နိုင်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မှန်ကန်သောအသိစိတ်ဓာတ်နှင့် ချစ်မြတ်နိုးစိတ်ရှိစေရေး လေ့ကျင့်ပေးခြင်း၊ ဒေသတွင်းနိုင်ငံများအချင်းချင်း အတွေ့အကြုံဗဟုသုတများ ဖလှယ်ခြင်းတို့ဖြင့် အနာဂတ်၏ ခေါင်းဆောင်များကို ပြုစုပျိုးထောင်ပေးနိုင်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အာဆီယံလူမှုအသိုက်အဝန်းအတွင်း အရည်အသွေးရှိသည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးပညာ တန်းတူညီမျှရရှိရေးဆိုင်ရာ Vientiane သဘောတူညီချက်ကို တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများက အတည်ပြုကြေညာခဲ့သည်။ ဒုတိယဝန်ကြီးနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်နှင့် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဆန်းဝင်းတို့ အစည်းအဝေးတက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်