နေပြည်တော် မေ ၁၅
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်မှု၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် နှင့် ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိသော မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip- FAM Trip) တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်များကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌တွေ့ဆုံရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ အရာထမ်းများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (FAM Trip) တွင် လိုက်ပါခဲ့ကြသည့် ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံ၏ သာယာလှပသည့် ခရီးစဉ်ဒေသများကို နှစ်သက်သဘောကျကြမည်ဟု ယုံကြည်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်ပြီး ပြည်တွင်း ပြည်ပခရီးသွားများအတွက် အလွယ်တကူလာရောက် လည်ပတ်နိုင်သော အချက်အချာကျသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်ပါကြောင်း၊ နေပြည်တော်သည် ပြပွဲများနှင့် အစည်းအဝေးများကျင်းပခြင်းဆိုင်ရာ ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သော အခြေခံအဆောက်အုံများ ပြည့်စုံမှုရှိပါကြောင်း၊ နေပြည်တော်တွင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအပါအဝင် ခရီးသွားဆွဲဆောင်ရာ နေရာ ၃၈ နေရာရှိသည့်အတွက် လာရောက်မည့် ခရီးသွားဧည့်သည်များက ရသမျိုးစုံခံစားနိုင်သော ခရီးစဉ်ဒေသတစ်ခုပင် ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေနှင့် နေပြည်တော်သို့ ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများဖြင့် နိုင်ငံတကာမှ မီဒီယာများ၊ ခရီးသွားအဖွဲ့အစည်းများနှင့် ကုမ္ပဏီများကို ဖိတ်ခေါ်၍ ဖန်ထရစ်ခရီးစဉ်များ၊ Tour Package နှင့် ခရီးသွားအစီအစဉ်များတွင် ထည့်သွင်းရေးဆွဲခြင်းများ၊ ခရီးစဉ်မြှင့်တင်ကြော်ငြာခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီးများ သွားရောက်ခဲ့သည့် ခရီးစဉ်များတွင် “One Tourist One Tree” ပုံစံဖြင့် သစ်ပင်စိုက်ပျိုးမှုအစီအစဉ်ကို အမှတ်တရ အစီအစဉ်တစ်ခုအဖြစ် ထည့်သွင်းပေးထားခဲ့ပါကြောင်း၊ ယခု ဖန်ထရစ်ခရီးစဉ် (FAM Trip) တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်တော်ကြီးများအနေဖြင့် ခရီးစဉ်ပြီးမြောက်၍ မိမိနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များနှင့် သွားလာလည်ပတ်စရာကောင်းသော ခရီးစဉ်ဒေသတစ်ခုဖြစ်ကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်မျှဝေပေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (FAM Trip) တွင် ဦးဆောင်လိုက်ပါလာသည့် မြန်မာ-တရုတ်ခရီးသွားမြှင့်တင်ရေးအဖွဲ့ဥက္ကဋ္ဌ Mr. David Liu က ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံတွင် ကြားသိရသော မြန်မာနိုင်ငံ၏ ပုံရိပ်ကိုထိခိုက်နိုင်သည့် သတင်းများမှာ ယခုလာရောက်ရာတွင် သတင်းတု သတင်းမှားများဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံမှာ ဆွဲဆောင်မှုရှိပြီး သဘာဝသယံဇာတများ ပေါကြွယ်ဝ၍ လာရောက်လည်ပတ်သင့်သော ခရီးစဉ်ဒေသတစ်ခုဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိပကတိအခြေအနေအား ယခု ခရီးစဉ်တွင် တရုတ်မီဒီယာများ၌ တိုက်ရိုက်လွှင့်တင်လျက်ရှိပြီး တရုတ်နိုင်ငံသို့ ပြန်ရောက်သည့်အခါတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် လွှင့်တင်သွားမည်ဖြစ်ပါကြောင်း၊ ယခုခရီးစဉ်၏ အကျိုးရလဒ်အနေဖြင့် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားများ ပိုမိုဝင်ရောက်လာမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ယခုခရီးစဉ်ကို အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးကောင်းမွန်စွာ စီစဉ်ပေးသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်(FAM Trip) တွင် လိုက်ပါခဲ့ကြသည့် ကိုယ်စားလှယ်များကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး Grand Amara Hotel ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါအဖွဲ့တွင် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်ဌာနများ၊ ခရီးသွားအေဂျင်စီများနှင့် မီဒီယာများပါဝင်ပြီး ၎င်းတို့အဖွဲ့အနေဖြင့် ရန်ကုန်၊ ငွေဆောင်တို့သို့ သွားရောက်လည်ပတ်ခဲ့ကာ နေပြည်တော်၊ ပုဂံ၊ မန္တလေးတို့ရှိ ခရီးသွားဆွဲဆောင်ရာနေရာများသို့ ဆက်လက်သွားရောက်လည်ပတ်ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်