မန္တလေး မေ ၁၅
၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ မကြာမီဖွင့်လှစ်တော့မည်ဖြစ်ပြီး အခြေခံပညာကျောင်းများ ဖွင့်လှစ်ချိန်အမီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၆)အခြေခံပညာအထက် တန်းကျောင်းနှင့် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၊ မဟာအောင်မြေမြို့နယ်ရှိ အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်းများသို့ ရောက်ရှိ၍ စာသင်ခန်းများနှင့် ကျောင်းဝင်းအတွင်းတို့တွင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းအကျိုးဆောင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တို့မှ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးဆောင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံပညာကျောင်းများ မကြာမီဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရာတွင် အေးချမ်းပျော်ရွှင်စွာဖြင့် စိတ်ချမ်းမြေ့စွာ သင်ယူနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးများ စာသင်ခန်းများအတွင်း ရောက်ရှိရေး၊ ကျောင်းအပ်နှံသူဦးရေနှင့် ကျောင်းတက်သူဦးရေပိုမိုတိုးတက်ရေးနှင့် ကျောင်းသား ကျောင်းသူများ စဉ်ဆက်မပြတ် တန်းစဉ်ကူးပြောင်းနိုင်မှုလျော့နည်းမသွားရေး၊ ကျောင်းအင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး၊ ဥပဓိရုပ်များကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာ အမြင်တင့်တယ်စေရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
သတင်းစဉ်