Skip to main content

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ယာဉ်များ သိမ်းဆည်းရမိ

နေပြည်တော် မေ ၁၄

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်္ဂလာဒုံမြို့နယ် ငုဝါလမ်း ဉာဏရပ်ကွက် ခြံအမှတ်(၁၆၉)၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကလေးကစားစရာပစ္စည်းမျိုးစုံ ကီလိုဂရမ် ၁၂၀၀ အပါအဝင် ကုန်ပစ္စည်း ခြောက်မျိုး စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၈၇၅၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မေ ၁၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Yxinu Folding Drone with Accessories နှစ်စုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀) ကိုလည်းကောင်း၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် အင်ဒိုနီးရှားနိုင်ငံထုတ် Nabati Cheese ဝေဖာ ဖာ ၁၄၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၀၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၅၀၀၀၀၀ ကို သိမ်းဆည်းရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မေ ၁၂ ရက်တွင် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မြဝတီမြို့မှတောင်ငူမြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးနှင့် ဘားအံမြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာသည့် ယာဉ်နှစ်စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Lipovitan-D အားဖြည့် အချိုရည်ပုလင်း ၄၅၀၀၊ Yum Yum ခေါက်ဆွဲခြောက် အထုပ် ၃၀၀၀၊ Sue Sat ဆပ်ပြာမှုန့် အထုပ် ၄၈၀၊ ယိုးဒယားစာတန်းပါ စိုက်ပျိုးရေးသုံးဆေး ၆၂၄ ဘူး အပါအဝင် ကုန်ပစ္စည်းခုနစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၃၅၈၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Mini Bus တစ်စီး၊ Yutong Bus တစ်စီးနှင့် Sunglong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၀၀၀၀၀၀) ကိုလည်းကောင်း၊ မေ ၁၃ ရက်တွင် တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၆ ဒသမ ၆၃၄ တန်၊ သစ်မာ ၃ ဒသမ ၁၈၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၇၂၅၃၀) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၀၄၃၀၅၃၀) ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိ သည်။

ထို့ပြင် မေ ၁၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတားပူးပေါင်း စစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထွက် ကြက်သွန်ဖြူ ပိဿာ ၁၆၀၀၀ စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မေ ၁၃ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင်နှင့် ဖျာပုံခရိုင်တို့ အတွင်း၌ တရားမဝင် အခြားသစ် ၅ ဒသမ ၉၁၆ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၄၇၈၉ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေ ၁၀ ရက်၊ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၈ မှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၆၄၈၈၅၃၁၉) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ သိရသည်။

သတင်းစဉ်