Skip to main content

နိုင်ငံတော်အစိုးရက ဆော်ဒီအာရေဗျနိုင်ငံ Buraydah မြို့တွင် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

ရန်ကုန် မေ ၁၄

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲ ကြုံတွေ့နေရပါက မည်သို့သော အခြေအနေဖြင့် ကြုံတွေ့နေရသည့်တိုင် နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထား၍ မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများ ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိရေး ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဆော်ဒီအာရေဗျနိုင်ငံ Buraydah မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံးအနေဖြင့် ရီရတ်ဒ်မြို့ရှိ အာဏာပိုင်များနှင့်ညှိနှိုင်း၍ နိုင်ငံတော်မှ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ မေ ၁၃ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့မှ ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၄၀ တွင် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာလာခဲ့ပြီး ဒူဘိုင်းနှင့် ဘန်ကောက်တို့မှ တစ်ဆင့် ဆက်လက်ထွက်ခွာလာခဲ့ရာ ရန်ကုန်မြို့သို့ ည ၈ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံသူ မမြစံပယ်သည် ဆော်ဒီအာရေဗျနိုင်ငံ Buraydah မြို့ရှိ အလုပ်ရှင် နေအိမ်တွင် သုံးလကျော် အလုပ်လုပ်ကိုင်ခဲ့ပြီး ဆက်လက်အလုပ် လုပ်ကိုင်လိုခြင်းမရှိသည့်အတွက် ထွက်ပြေးခဲ့ပြီး နီးစပ်ရာရဲစခန်းသို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံးသို့ သွားရောက်အကူအညီ တောင်းခံရန် ပို့လွှတ်ခဲ့၍ မြန်မာသံရုံးမှ သံမှူးကြီးနှင့် ဝန်ထမ်းများက မမြစံပယ်အား နေရာထိုင်ခင်း၊ အစားအသောက်နှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်၍ နိုင်ငံတော်အစိုးရ၏ ကူညီဆောင်ရွက်မှုဖြင့် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိ ခဲ့ခြင်းဖြစ်သည်။

ဆော်ဒီအာရေဗျနိုင်ငံ Buraydah မြို့တွင် အခက်အခဲ ရင်ဆိုင်ခဲ့ရမှုနှင့်စပ်လျဉ်း၍ မမြစံပယ်က “ကျွန်မက ထန်းတပင်မြို့နယ်မှာ နေပါတယ်။ Buraydah မှာ အလုပ်လုပ်ရင်း အိမ်ရှင်နဲ့အဆင်မပြေတာက အိမ်အလုပ်လည်း လုပ်ရတယ်၊ ဈေးလည်းရောင်းပေးရတယ်၊ သက်ကြီး ရွယ်အိုကိုလည်း ကြည့်ပေးရတယ်။ အလွန်ပင်ပန်းလာတာကြောင့် အိမ်ရှင်ကို ဒူဘိုင်းပြန်ပို့ပေးဖို့ပြောတော့ ကားနဲ့ လမ်းခုလတ် ရဲစခန်းနားမှာထားပေးခဲ့တယ်။ ရဲစခန်းအကူအညီနဲ့ မြန်မာသံရုံးကိုရောက်သွားတော့ သံအမတ်၊ သံမှူးကြီးနဲ့ ဝန်ထမ်းတွေက မိသားစုလိုကြိုဆိုပြီး နေထိုင်စားသောက်မှုကအစ အကူအညီ အားလုံးပေးပါတယ်။ နိုင်ငံတော်အကြီးအကဲတွေနဲ့ မြန်မာ သံရုံးကို ကျေးဇူးဆပ်ခွင့်ရရင် ဆပ်ချင်ပါတယ်။ အမိနိုင်ငံကို ပြန်ရောက်အောင် ဝိုင်းဝန်းစောင့်ရှောက်ပေးမှုကို တစ်သက်လုံးအမှတ်ရနေမှာပါ။ အားလုံးကျန်းမာ ချမ်းသာကြပါစေ” ဟု ပြောကြားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံးမှ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ကူညီဆောင်ရွက်ပေးခဲ့ရာ အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်မှုများရှိခဲ့ပြီး ယခုတိုင်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိရာ ထိုသို့ အမိနိုင်ငံသူတစ်ဦး အတိဒုက္ခကြုံတွေ့နေစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရနှင့် မြန်မာသံရုံးတို့ကို လှိုက်လှဲစွာ အထူးကျေးဇူးတင်ရှိကြောင်း သိရသည်။

ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ - ကနူး