နေပြည်တော် မေ ၁၄
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးနှင့် ခရိုင်ဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ ထန်းတပင်နှင့် ဒိုက်ဦးမြို့နယ်ဦးစီးမှူးများ၊ စာကြည့်တိုက်သင်တန်းတက်ရောက်နေသည့် မြို့နယ်ဦးစီးမှူးများအား တွေ့ဆုံမှာကြားသည်။
ထို့နောက် ပဲခူးမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံမှာကြားသည်။
မွန်းလွဲပိုင်းတွင် တောင်ငူမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားပြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်နှင့် ရုံးစာရေးသားနည်း အခြေခံသင်တန်း တက်ရောက်နေသော မြို့နယ်များမှ ဒုတိယဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရေတာရှည်နှင့် အုတ်တွင်းမြို့နယ်တို့မှ ဦးစီးမှူးများအား တွေ့ဆုံမှာကြားသည်။
ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ကျေးရွာများတွင် စာကြည့်တိုက်များဖွင့်လှစ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာများနှင့်ညှိနှိုင်းဆောင်ရွက်ရေး၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေး၊ ဝန်ထမ်းများအရည်အချင်းပြည့်ဝရေးအတွက် လေ့လာဆည်းပူးပြီး လုပ်ငန်းကျွမ်းကျင်မှုရှိရေး၊ နိုင်ငံ့ဝန်ထမ်း သစ္စာဓိဋ္ဌာန် (၆) ချက်နှင့်အညီ ဝန်ထမ်းကောင်းပီသစွာဖြင့် တာဝန်ကျေပွန်ရေး၊ စက်ပစ္စည်းကိရိယာများ ရေရှည်သုံးစွဲနိုင်အောင် ထိန်းသိမ်းကိုင်တွယ်ရေး၊ မီးဘေးလုံခြုံရေးဂရုပြုရန်တို့ကို မှာကြားခဲ့သည်။
သတင်းစဉ်