Skip to main content

ရန်ကုန်တိုင်းဒေသကြီး “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” အခမ်းအနားကျင်းပ

ရန်ကုန် မေ ၁၄ 

ရန်ကုန်တိုင်းဒေသကြီး “စာကြည်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်၊တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်းတို့မှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ အနုပညာရှင်များ၊ လူရည်ချွန် ကျောင်းသား ကျောင်းသူများ၊ ကင်းထောက်လူငယ်များ၊ ကြက်ခြေနီလူငယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဗီဒီယို Clip တို့ကို ပြသ

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့” တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုကြပြီး “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဗီဒီယို Clip ၊ “နိုင်ငံ့အကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်” ဗီဒီယို Clip နှင့် ရန်ကုန်တိုင်းဒေသကြီး၏ သုံးနှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် စာကြည့်တိုက်များနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှု ဗီဒီယို Clip တို့ကို ပြသသည်။

ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကားပြောကြားရာတွင် ဧပြီ ၃ ရက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး မိသားစုက လူထုသိပ္ပံကျမ်းအတွဲ (၁)၊ (၂)၊ (၃) စာအုပ်ပေါင်း ၄၅၀၀၊ ပြန်ကြားရေးဝန်ကြီးဌာနက စာအုပ်/ စာစောင် ၅၅၀၀ စုစုပေါင်း စာအုပ်/စာစောင် ၁၀၀၀၀ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို စတင်ကျင်းပပြုလုပ်ခဲ့ပါကြောင်း။

ဧပြီ ၁၀ ရက်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကျင်းပဆောင်ရွက်ခဲ့ရာ လှူဒါန်းငွေကျပ် သိန်းပေါင်းတစ်သောင်းကျော်နှင့် စာအုပ်စာစောင် ၈၅၅၄၀ ကို လက်ခံရရှိခဲ့ပါကြောင်း။

အလှူခံရရှိခဲ့သည့် အလှူငွေနှင့် စာအုပ်စာစောင်များကို ခွဲခြမ်းစိတ်ဖြာနိုင်ရန်၊ လှူဒါန်းပွဲများ လစဉ်စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ မူဝါဒဖြစ်သည့် စာဖတ်ရှိန်မြှင့်တင်ရေးကိစ္စများကို တစ်စပ်တည်းလုပ်ဆောင်သွားရန် လိုအပ်လာသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် “မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ” ကို ဖွဲ့စည်းပေးခဲ့ပါကြောင်း။

မြန်မာနိုင်ငံတွင် ယခင်က ရပ်ကွက်ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ပေါင်း ခြောက်ထောင်ကျော်ရှိသော်လည်း လက်ရှိတွင် သုံးထောင်ကျော်သာကျန်ရှိပြီး စာကြည့်တိုက် ၂၅၀၀ ခန့်မှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားခဲ့ရပါကြောင်း၊ နိုင်ငံတော်အနေဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုမှစီမံဆောင်ရွက်ခြင်း မဟုတ်ဘဲ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်ကတည်းက စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။

ကဏ္ဍပေါင်းစုံဖြစ်သည့် ဆည်မြောင်းတာတမံများ၊ မြစ်ကူးချောင်းကူးတံတားများ၊ မဟာဗျူဟာလမ်းမကြီးများ၊ ဒေသချင်းဆက်၊ မြို့ချင်းဆက်လမ်းများကို စီမံချက်ဖြင့် ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်အကြီးအကဲက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များ၊ လူ့စွမ်းအား အရင်းအမြစ်များလိုအပ်ပြီး ဖိုးသုညများနှင့် တိုင်းပြည်ကိုတည်ဆောက်၍မရကြောင်း လမ်းညွှန်မှုပြုခဲ့သည့်အတွက် ၎င်းလမ်းညွှန်မှုကို မူဝါဒအဖြစ်ခံယူပြီး အထူးဖွံ့ဖြိုးရေးဇုန် ၂၄ ဇုန် သတ်မှတ်၍ အဆိုပါဒေသများတွင် ဝိဇ္ဇာ၊ သိပ္ပံ၊ နည်းပညာ၊ ကွန်ပျူတာ၊ စီးပွားရေး၊ စိုက်ပျိုး မွေးမြူရေး၊ ဆေးပညာ စသည့်ဘာသာစုံတက္ကသိုလ်များ၊ ကောလိပ်များဖွင့်လှစ်ကာ တစ်နိုင်ငံလုံးတွင် ရပ်ကွက်ကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေး စတင်ဆောင်ရွက်ခဲ့ပါကြောင်း။

ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်

၂၀၀၄ ခုနှစ်မှ စတင်၍ ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ဖွံ့ဖြိုးရေးစီမံကိန်းကို နိုင်ငံတော်စီမံကိန်းအဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများလည်း လျော့နည်းခဲ့ပါကြောင်း၊ ယခုအခါ နိုင်ငံတော်အကြီးအကဲက စာကြည့်တိုက်များ ပြန်လည်ထူထောင် ပြီး ဆက်လက်ရပ်တည်နိုင်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း။

စီစဉ်ပို့ဆောင်ပေးရန်လို

ယနေ့ခေတ်တွင် ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့် စာကြည့်တိုက်များသို့ သွားရောက်၍ စာအုပ်စာစောင်များကို ဖတ်ရှုမှုနည်းပါးသဖြင့် လူငယ်များ စာဖတ်ရန် လိုအပ်သည့်အတွက် ဖြစ်နိုင်ပါက သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် ကျောင်းသား ကျောင်းသူများကို စာကြည့်တိုက်များသို့ တစ်စုတစ်စည်းတည်း သွားရောက်လေ့လာနိုင်ရေး စီစဉ်ပို့ဆောင်ပေးရန်လိုပါကြောင်း။

အလေ့အထများ ဖြစ်ပေါ်လာ

သက်ဆိုင်ရာရုံးများအနေဖြင့်လည်း ကျောင်းသား ကျောင်းသူများ စာအုပ်စာပေများကို စိတ်ဝင်စားလာစေရန်နှင့် ဖတ်ရှုအသုံးပြုလာစေရန်အတွက် စာပေဆွေးနွေးပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စကားရည်လုပွဲ၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ လူငယ်များအတွက် စိတ်အားတက်ကြွဖွယ်ရာ Video Clip များဖြင့် ပြသဆောင်ရွက်ပေးပါက စာကြည့်တိုက်များကို အသုံးချတတ်သည့် အလေ့အထများလည်း ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း။

မေ ၉ ရက်တွင် နေပြည်တော်ကောင်စီနှင့်ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကိုကျင်းပခဲ့ပြီး စေတနာရှင်၊ အလှူရှင်များက ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရေးနှင့် စာအုပ်စာစောင်များ လက်လှမ်းတမီထားရှိပေးနိုင်ရေး စာကြည့်တိုက်တစ်တိုက်လျှင် ငွေကျပ် သိန်း ၁၅၀ နှုန်းဖြင့် စာကြည့်တိုက် အဆောက်အအုံ ၁၄၇ လုံးအတွက် ငွေကျပ်သိန်း ၂၂၀၅၀ ကို ပေးအပ်လှူဒါန်းခဲ့ပါကြောင်း။

ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်

မိမိတို့နိုင်ငံ၏ စာကြည့်တိုက်များမှာ ပုံမှန်အနေအထားတွင်ရှိသည့်အတွက် တွန်းအားပေးဆောင်ရွက်ပါက ပိုမိုပြန့်ပွားအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မူလတာဝန်အပြင် စာကြည့်တိုက်လုပ်ငန်းများကို အလေးထား၍ စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်လုပ်ဆောင်နိုင်ရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်ခြောက်တိုက် ပြန်လည်ပြင်ဆင် ဖွင့်လှစ်နိုင်ရန်အတွက် ငွေကျပ် သိန်း ၃၀၀ နှင့် စာကြည့်တိုက်ငါးတိုက် အသစ်တည်ဆောက်ဖွင့်လှစ်နိုင်ရန်အတွက် ငွေကျပ်သိန်း ၇၅၀ စုစုပေါင်း ငွေကျပ်သိန်း ၁၀၅၀ ကို ထောက်ပံ့ပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက လက်ခံရယူပြီး အမှာစကား ပြောကြားသည်။

ယင်းနောက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်အဆောက်အအုံများ တည်ဆောက်နိုင်ရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းနာယက ဦးကျော်ဆန်းတို့က လက်ခံရယူသည်။

ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းနာယက ဦးကျော်ဆန်းက အမှာစကား ပြောကြားသည်။

ယင်းနောက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်အဆောက်အအုံများ တည်ဆောက်နိုင်ရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အလှူရှင်များက ဆက်လက်လှူဒါန်းကြရာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံရယူသည်။

ဆက်လက်၍ အကယ်ဒမီများရှင် ရန်အောင်က “လူချွန်လူကောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြပြီး အမျိုးသားစာပေ တစ်သက်တာဆုရှင် အလင်္ကာကျော်စွာ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က စာပေလေ့လာဖတ်ရှုမှု အကျိုးကျေးဇူးများကို ဟောပြောဆွေးနွေးသည်။

ထို့နောက် စာပေလေ့လာဖတ်ရှုမှု အကျိုးကျေးဇူးများကို ဟောပြောဆွေးနွေးသည့် အမျိုးသားစာပေတစ်သက်တာဆုရှင် အလင်္ကာကျော်စွာ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) အား ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ဂုဏ်ပြုလက်ဆောင်ချီးမြှင့်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လေ့ကျင့်ရေး အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ဘက်စုံပညာရည် တို့လှမ်းချီ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် ဓာတ်ပုံမှတ်တမ်းများကို လှည့်လည်ကြည့်ရှုကြသည်။

သတင်းစဉ်