နေပြည်တော် မေ ၁၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) မှ မျက်စိအထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်ကြီး (ဆေးပညာ) နှင့် အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့က ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) ၌ နေပြည်တော်အလင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အခမဲ့မျက်စိခွဲစိတ်ကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ဆေးမျက်မှန်များတပ်ဆင်ပေး
ကြည့်ရှုအားပေးစဉ် နေပြည်တော်တိုင်း ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မျက်စိခွဲစိတ်ကုသမှုခံယူပြီးသည့် လူနာများကို ဆေးမျက်မှန်များ တပ်ဆင်ပေးသည်။
ယင်းနောက် အစည်းအဝေးခန်းမ၌ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေးဦးစီးဌာန)နှင့် နေပြည်တော်ကုသရေးဦးစီးဌာနမှူးက နေပြည်တော်အလင်းနှင့် နေပြည်တော်အပြုံး စီမံချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက အထူးကုဆရာဝန်ကြီးများကို အမှတ်တရသစ်သီးခြင်းပေးအပ်ကာ လာရောက်ဆေးကုသမှုခံယူသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အာဟာရနှင့် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ပြီး ဆေးရုံအတွင်း မျက်စိကုသဆောင်တွင် ခွဲစိတ်ကုသမှုခံယူနေသည့် လူနာများ၊ ခွဲစိတ်ခန်းတွင် မျက်စိခွဲစိတ်ကုသ၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးသည်။
အခမဲ့မျက်စိခွဲစိတ်ကုသ
ယနေ့ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) တွင် နေပြည်တော်အလင်းစီမံချက်ဖြင့် မြို့နယ်များမှ ညွှန်းပို့လာသည့် မျက်စိဝေဒနာရှင် ၄၅ ဦးကို စမ်းသပ်စစ်ဆေး ဆောင်ရွက်ပေးခဲ့ပြီး ခွဲစိတ်ကုသရန်လိုအပ်သည့် လူနာ ၂၇ ဦးကို အခမဲ့မျက်စိခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစု ကွက်သစ်ရပ်ကွက်အတွင်းရှိ ပညာ့အလင်းရောင်စာကြည့်တိုက်သို့ရောက်ရှိပြီး စာကြည့်တိုက်တွင် စာအုပ်စာပေများ စုံစုံလင်လင်ထားရှိနိုင်ရေး၊ လူငယ်လူရွယ်များစာဖတ်သည့် အခွင့်အလမ်းများရရှိရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရရန်နှင့် လိုအပ်သည်များကိုမှာကြားပြီး စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် ၃၈ ဖြာမင်္ဂလာ၊ ဗုဒ္ဓဝင်၊ ဘုရားရှိခိုးနှင့် ပြည်သူ့နီတိစာအုပ်များကို ပေးအပ်လှူဒါန်း ခဲ့သည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနား မြို့နယ်ပေါင်းလောင်းအားကစားကွင်း၌ကျင်းပရာ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော် ကောင်စီဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အားကစားဝါသနာရှင်များ၊ အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက မြန်မာ့ဘောလုံး အားကစားအဆင့်အတန်း တိုးတက်မြင့်မား လာစေရေးနှင့် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများကို ကျောထောက်နောက်ခံအဖြစ် အင်အား ဖြည့်တင်းပေးနိုင်ရေးအတွက် နေပြည်တော်အတွင်း လူငယ်ဘောလုံးပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးလျက်ရှိပါကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများအားလုံး မိမိတို့အသင်းအနိုင်ရရှိစေရန် အနိုင်မခံအရှုံးမပေးဘဲ အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်း အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားကြရမည်ဖြစ်ကြောင်း၊ ဒိုင်လူကြီးများအနေဖြင့်လည်း ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ ဘက်လိုက်မှုမရှိဘဲ တရားမျှတစွာဖြင့် ဆုံးဖြတ်ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း။
ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်ကအားထားရမည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွက်လာအောင် ယှဉ်ပြိုင်ကစားသွားကြရန်ပြောကြားပြီး ၂ဝ၂၄ ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆိုကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ဒက္ခိဏသီရိမြို့နယ်အသင်းနှင့် ဇမ္ဗူသီရိမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။
ရှစ်သင်းဝင်ရောက်ယှဉ်ပြိုင်
၂၀၂၄ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မေ ၁၄ ရက်မှ ၂၃ ရက်အထိ ပြည်ထောင်စုနယ်မြေနေပြည်တော် ပျဉ်းမနားမြို့နယ် ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်ရှစ်မြို့နယ်မှ အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးအသင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်