Skip to main content

ဝါစိုက်ပျိုးခြင်းမှသည် ဝါဂွမ်းထုတ်လုပ်ရေးအဆင့်မြှင့်တင်ဆောင်ရွက်မှုလုပ်ငန်းခွင်သို့

တွေ့ဆုံမေးမြန်း - သိမ့်သိမ့်မျိုး၊ ဓာတ်ပုံ - ဇော်ဝင်းအောင်

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို နိုင်ငံတော်က အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

ထို့အတွက် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်အတွင်း ဝါဂွမ်းအထုပ်များထုတ်လုပ်ခြင်း၊ ဝါကြိတ်ခြင်း၊ ဝါစေ့ဆီထုတ်လုပ်ရောင်းချခြင်းများ ဆောင်ရွက်နေသည့် ပုဂ္ဂလိကဝါစက်ရုံ လေးရုံ၊ အစိုးရဝါစက်ရုံတစ်ရုံရှိရာ အဆိုပါဝါဖန်စက်များဖြင့် ဝါဂွမ်းထုတ်လုပ်ခြင်း၊ ဝါကြိတ်ခြင်း၊ ဝါစေ့ဆီထုတ်လုပ်ရောင်းချခြင်းများနှင့်ပတ်သက်၍ ရမည်းသင်းမြို့နယ် ရွှေဒါးကျေးရွာအနီးရှိ တိုးပွားကြီး ဝါကြိတ်စက်လုပ်ငန်းလုပ်ကိုင်နေသူ ဒေါ်လှလှနိုင်နှင့် တွေ့ဆုံမေးမြန်း ထားပါသည်။

မေး။ ။ တိုးပွားကြီးဝါစက်လုပ်ငန်းကို ဘယ်အချိန်က စတင်လုပ်ကိုင်ဖြစ်တာလဲ။

ဖြေ။ ။ တိုးပွားကြီးဝါကြိတ်စက်လုပ်ငန်းကို ၂၀၀၂-၂၀၀၃ ခုနှစ်က စတင်လုပ်ကိုင်ခဲ့တာမှာ အခုဆိုရင် အနှစ် (၂၀) ကျော်ရှိပြီဖြစ်ပါတယ်။

မေး။ ။ လုပ်ငန်းဆောင်ရွက်ဖြစ်ပုံနဲ့ ရည်ရွယ်ချက်ကလေးကိုလည်း သိပါရစေ။

ဖြေ။ ။ ပထမဆုံး ဝါတွေကိုဝယ်ပြီး ပြန်ရောင်းရာကနေ စတင်လုပ်ကိုင်ကြည့်တဲ့အခါမှာ အကျိုးအမြတ်များရရှိတဲ့အတွက် ဝါကြိတ်စက်နဲ့ ဝါဂွမ်းတွေ ထုပ်ပိုးပြီး ရောင်းချမယ်ဆိုရင် အကျိုးအမြတ်ပိုမိုရရှိလာနိုင်တဲ့အတွက် ဝါကြိတ်စက်လုပ်ငန်းကို တိုးမြှင့်ထူထောင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မေး။ ။ တစ်ရာသီအတွက် ဝါကုန်ကြမ်းတွေကို ဘယ်ကရပါသလဲ။

ဖြေ။ ။ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ နတ်မောက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာရှိတဲ့ သက်ဆိုင်ရာမြို့နယ်ကိုယ်စားလှယ်တွေက ဝယ်ယူရရှိပါတယ်။

မေး။ ။ ဝါလုပ်ငန်းတွေကို ဘယ်ကာလကနေ ဘယ်ကာလအထိ ဆောင်ရွက်ရပါသလဲ၊ တစ်နှစ်ပတ်လုံး ဆောင်ရွက်ရပါသလား။

ဖြေ။ ။ တစ်နှစ်ပတ်လုံးဆောင်ရွက်ရပါတယ်။ မိုးကြိုဝါနဲ့ မိုးနှောင်းဝါ နှစ်သီးစိုက်ကြတာဖြစ်ပေမယ့် ကုန်ကြမ်းသိုလှောင်နိုင်မှုနည်းတဲ့အတွက် ငါးလပိုင်းနဲ့ ခြောက်လပိုင်း နှစ်လတော့ ခေတ္တနား ရပါတယ်။

မေး။ ။ တိုးပွားကြီးဝါကြိတ်စက်အနေနဲ့ စက်ဘယ်နှလုံးကြိတ်ခွဲနေပါသလဲ။ တစ်နေ့ကို ဘယ်နှပိဿာလောက် ကြိတ်ခွဲနိုင်ပါသလဲ။

ဖြေ။ ။ ဝါကြိတ်စက်ခြောက်လုံးနဲ့ကြိတ်ခွဲပြီး ဝါကြိတ်စက်တစ်လုံးကို တစ်နေ့ဝါကုန်ကြမ်း ပိဿာချိန် ၇၀၀ ကနေ ၈၀၀ ခန့်အထိ ကြိတ်ခွဲနိုင်ပါတယ်၊ စက်အားလုံး လည်ပတ်မယ်ဆိုရင်တော့ တစ်နေ့ကို ဝါကုန်ကြမ်းပိဿာ ၄၀၀၀ ခန့်အထိ ကြိတ်ခွဲနိုင်ပါတယ်။

မေး။ ။ လုပ်သား ကျား/မ ဘယ်နှဦးနဲ့ ဆောင်ရွက်နေပါသလဲ။

ဖြေ။ ။ ကျား ၁၁ ဦး၊ မ ရှစ်ဦးရှိပြီး နေ့ညအလှည့်ကျဆောင်ရွက်လျက်ရှိပါတယ်။

မေး။ ။ ဝါကြိတ်တာအပြင် အခြားဘာလုပ်ငန်းတွေရော ဆောင်ရွက်ပါသလဲ။      

ဖြေ။ ။ ဝါကြိတ်တာအပြင် ဝါဂွမ်းဖိစက်နှစ်လုံးနဲ့ ဝါဂွမ်းထုပ်ဖိခြင်း၊ အခွံချွတ်စက်နဲ့ ဝါစေ့အခွံချွတ်ခြင်း၊ ဝါစေ့ဆီကြိတ်စက်နဲ့ ဝါစေ့ဆီထုတ်လုပ်ခြင်းတွေကို ဆောင်ရွက်ပါတယ်။

မေး။ ။ ဝါဂွမ်းဖိစက်နှစ်လုံးကနေ တစ်နေ့မှာ ဘယ်လောက်အထိ ထုပ်ပိုးနိုင်ပါသလဲ၊ တစ်ထုပ်မှာ ဘယ်နှပိဿာလောက် ပါပါသလဲ။

ဖြေ။ ။ ဝါဂွမ်းဖိစက်နှစ်လုံးနဲ့ တစ်နေ့မှာ ဝါဂွမ်း အထုပ် ၃၀ ခန့် ထုပ်ပိုးနိုင်ပြီး တစ်ထုပ်ကို ပိဿာချိန် ၄၀ ကနေ ၅၀ ခန့်အထိထုပ်ပိုးနိုင်ပါတယ်။

မေး။ ။ ထုပ်ပိုးပြီးတဲ့ ဝါဂွမ်းတွေကို ဘယ်တွေကို ဖြန့်ချိပါသလဲ။

ဖြေ။ ။ ပြည်တွင်းပြည်ပ နှစ်မျိုးလုံးကိုဖြန့်ချိပြီး ပြည်တွင်းမှာ ဆိုရင်(CYC) စက်ရုံချည်ထည်၊ စိန်ကမ္ဘာ ချည်မျှင်၊ မန်းချည်မျှင်(၁)၊ စက်မှု (၁) ဌာနနဲ့ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံတို့ကို ဖြန့်ချိပါတယ်၊ ပြည်ပအနေနဲ့ကတော့ တရုတ်ကို ပို့ပါတယ်။

မေး။ ။ အခွံချွတ်စက်နဲ့ ပတ်သက်ပြီးရှင်းပြပေးစေချင်ပါတယ်။

ဖြေ။ ။ ကျွန်မတို့စက်ရုံကထွက်ရှိတဲ့ ဝါစေ့တွေကိုသာမက ပြင်ပက ဝါစေ့တွေကိုလည်း တစ်ပိဿာကျပ် ၁၃၀၀ ကနေ ၁၃၅၀နဲ့ ဝယ်ယူပြီး ဝါစေ့အခွံချွတ်စက်နဲ့ ကြိတ်ခွဲရပါတယ်၊ ဝါစေ့ ပိဿာ ၁၀၀ ကြိတ်ခွဲ အခွံချွတ်မယ်ဆိုရင် အဆန် ၇၃ ပိဿာနဲ့ အခွံ ၂၃ ဒသမ ၅ ပိဿာ ထွက်ရှိပြီး အလေအလွင့် ၃ ဒသမ ၅ ပိဿာထွက်ပါတယ်၊ ဝါစေ့အဆန်တွေကို ဝါစေ့ဆီကြိတ်စက်နဲ့ ဆက်လက်ကြိတ်ခွဲပြီးရရှိလာတဲ့အခွံတွေကို တိရစ္ဆာန်အစာ (နွားစာ) နဲ့ မြေဩဇာအဖြစ် တစ်ပိဿာကို ကျပ် ၆၅၀ - ၇၀၀ နှုန်းနဲ့ ပြန်လည်ရောင်းချရပါတယ်။

မေး။ ။ ဝါစေ့ဆီထုတ်လုပ်တဲ့အပေါ်မှာရော အနည်းငယ်ရှင်းပြပေးပါဦး။

ဖြေ။ ။ အခွံချွတ်ထားတဲ့အစေ့အဆန်တွေကို ဆီကြိတ်မယ်ဆိုရင် ပိဿာ ၁၀၀ ကြိတ်ရင် ဆီ ၁၀ ပိဿာလောက် ထွက်ရှိပါတယ်၊ ဆီကြိတ်ဖတ်တွေကိုလည်း တစ်ပိဿာကို ကျပ် ၁၄၀၀ နဲ့ ရောင်းရပြီး ဝါစေ့ဆီတစ်ပိဿာကို ကျပ် ၆၅၀၀ နှုန်းနဲ့ အကြော်အလှော်လုပ်ငန်းတွေ၊ သံအမာတင်တဲ့ စက်မှုလုပ်ငန်းတွေကို ရောင်းချရပါတယ်။

မေး။ ။ ယခုလုပ်ကိုင်နေတဲ့လုပ်ငန်းနဲ့ပတ်သက်ပြီး မနှစ်ကနဲ့ ဒီနှစ်အခြေအနေကိုလည်း နှိုင်းယှဉ်ပြောကြားပေးပါဦး။

ဖြေ။ ။ မနှစ်က ပိုအဆင်ပြေပါတယ်၊ မနှစ်က ရာသီဥတုကောင်းတဲ့အတွက် အထွက်နှုန်းကောင်းပါတယ်။ အခုနှစ်မှာတော့ ရာသီဥတုအလွန်ပူပြင်းပြီး ရေရရှိမှုနည်းပါးတဲ့အတွက် ကုန်ထွက်နှုန်းနည်းပါးပြီး အရောင်းအဝယ်သိပ်မကောင်းပါဘူး။

မေး။ ။ အခုလိုကုန်ကြမ်းဖြစ်တဲ့ဝါဂွမ်းကနေ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ကုန်ချောဖြစ်တဲ့ချည်အထိ ဆောင်ရွက်သွားဖို့ရှိပါသလား။

ဖြေ။ ။ လုပ်ငန်းရှင်လေး၊ ငါးဦးစုဖွဲ့ပြီး အုပ်စုဖွဲ့ဆောင်ရွက်မယ်ဆိုရင်တော့ အကောင်အထည်ပေါ်လာလိမ့်မယ်လို့ ထင်ပါတယ်။ တကယ်လို့ကုန်ချော(ချည်) အဖြစ် ဆောင်ရွက်သွားနိုင်မယ် ဆိုရင်တော့ နိုင်ငံတော်အတွက်ရော၊ တောင်သူတွေအတွက်ရော ကျွန်မတို့လို လုပ်ငန်းရှင်တွေအတွက်ပါ အကျိုးရှိမှာဖြစ်ပါတယ်။

မေး။ ။ နိုင်ငံတော်က အခုဆိုရင် MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိရာမှာ တိုးပွားကြီး ဝါကြိတ်စက်လုပ်ငန်းအနေနဲ့ သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ်ဆောင်ရွက်နေမှုကိုလည်း သိပါရစေ။

ဖြေ။ ။ ကျွန်မတို့ ဝါကြိတ်စက်လုပ်ငန်းကို အသေးစား၊ အငယ်စား၊ အလတ်စား (MSME) လုပ်ငန်းမှာ မှတ်ပုံတင်ထားရှိပါတယ်၊ နိုင်ငံတော်ကနေ MSME ချေးငွေထုတ်ချေးပေးတဲ့အတွက် လုပ်ငန်းများ လုပ်ကိုင်ရာမှာ ပိုပြီးတော့ အဆင်ပြေစွာ လုပ်ကိုင်နိုင်ခဲ့ပြီး မြို့နယ်မှာရှိတဲ့ သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။

ရမည်းသင်းမြို့နယ်အနေဖြင့် ဝါသီးနှံမှာ အဓိကထွက်ရှိသည့် သီးနှံဖြစ်သည်။ ဝါစိုက်ပျိုးရေးလုပ်ငန်းတောင်သူများကို နိုင်ငံတော်က မျိုးစေ့များ (မျိုးကောင်းမျိုးသန့်) ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ သွင်းအားစုများပံ့ပိုးပေးခြင်း၊ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်၍ ဝင်ငွေတိုးပွားရရှိစေရေးအတွက် နည်းပညာနှင့် စက်ပစ္စည်းများ ပံ့ပိုးပေးခြင်းတို့ကို ဝါစိုက်တောင်သူများအတွက် အားပေးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ။