နေပြည်တော် မေ ၁၄
တပ်မတော် (ရေ) က ၂၀၂၄ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် တာဝန်ရှိသူများလိုက်ပါ၍ သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ရောက်ရှိကြရာ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများကကြိုဆို၍ သီရိမဟာဇေယျ ကျော်ထင်ခန်းမတွင် တပ်မတော် (ရေ) Documentary အားပြသခဲ့ပြီး၊ ရေကြောင်းပြခန်းနှင့် ဥတ္တရဆောင်ရှိ စာသင်ခန်းတို့အားလေ့လာခြင်း၊ Torpedo Trainer နှင့် ရေတပ်အမြောက်များလေ့လာခြင်း၊ Welding Simulator ၊ Electrical Trainer နှင့် Cutaway Model များအားလေ့လာခြင်း၊ Damage Control Simulator-Zarmani အားလေ့လာခြင်း၊ Ship Handling Simulator နှင့် Engine Room Simulator များအား လေ့လာခြင်းနှင့် သမိုင်းဝင်စစ်ရေယာဉ် (မေယု) တို့အား လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများသည် ရေတပ်သင်္ဘောကျင်း ဌာနချုပ်သို့ရောက်ရှိကြပြီး စိတ်ဓာတ်မြှင့်တင်ရေးခန်းမ၊ ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းများ၊ လွန်းတင်ပြင်ဆင်လျက်ရှိသော ရေယာဉ်များ၏ပြုပြင်ရေးဆောင်ရွက်နေမှုများ၊ Ship Lift System ဖြင့်ရေယာဉ်များ လွန်းတင်လွန်းချသည့်စနစ်များနှင့် စက်ရုံ၊ အလုပ်ရုံများရှိ တွင်ခုံ၊ ဖောက်ခုံ၊ ရေဘော်ခုံများသို့ လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။
ယင်းနောက် နေ့လယ်ပိုင်းတွင် သင်တန်းသား၊ သင်တန်းသူများသည် တပ်မတော်(ရေ)မှ စစ်ရေယာဉ် (မုတ္တမ) ဖြင့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် လေ့လာရေးသွားရောက်ကြသည်။ လေ့လာရေးခရီးစဉ်တွင် သင်တန်းသား၊ သင်တန်းသူများသည် စစ်ရေယာဉ်၏ ရေယာဉ်ဆိုင်ရာအချက်အလက်များ၊ လက်နက်နှင့် လက်နက်စနစ်များ၊ စက်ပိုင်းဆိုင်ရာစနစ်များ၊ ရေကြောင်းသွားလာရေးဆိုင်ရာအထွေထွေဗဟုသုတများ၊ ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ဆိုင်ရာစနစ်များ၊ ရေယာဉ်ခုတ်မောင်းနေစဉ် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များနှင့် အခြားသိသင့်သိထိုက်သည်များအား စိတ်ပါဝင်စားစွာလေ့လာခဲ့ကြပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။
အလားတူ တပ်မတော် (လေ) က ၂၀၂၄ အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့် လေကြောင်းလူငယ်သင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် သင်တန်းစခန်း ၈ ခုမှ ထူးချွန်ဆုရသင်တန်းသား၊ သင်တန်းသူများသည် Grob-120 TP လေယာဉ်နှင့် H-120 ရဟတ်ယာဉ်များအား လေယာဉ်မောင်းသင်ကျောင်းမှ နည်းပြလေသူရဲများနှင့်အတူ လက်တွေ့လိုက်ပါ ပျံသန်းခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် နေ့လယ်ပိုင်းတွင် အဆိုပါသင်တန်းစခန်း ၈ ခုမှ သင်တန်းသား၊ သင်တန်းသူများသည် RC လေယာဉ်/ရဟတ်ယာဉ်မောင်း ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး သင်တန်းသားများ၊ အုပ်ချုပ်သူနည်းပြများ ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများက ယှဉ်ပြိုင်နေမှုများကို အားပေးကြည့်ရှုခဲ့ကြသည်။
အလားတူ ကျန်သင်တန်းစခန်း ၉ ခုမှ သင်တန်းသား၊ သင်တန်းသူ၊ နည်းပြ/အုပ်ချုပ်သူများသည် လေ့လာရေးခရီးစဉ်အဖြစ် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊ မြေပြင်အတတ်သင်လေတပ်စခန်း ဌာနချုပ်ရှိ စက်မှုလက်မှုအတတ်သင်ကျောင်းတို့အား လည်းကောင်း၊ နေ့လယ်ပိုင်းတွင် လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်ရှိ လေယာဉ်မောင်းသင်ကျောင်းနှင့် Aeromedical Centre တို့အားလည်းကောင်း အသီးသီးလေ့လာခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။