Skip to main content

လူတိုင်းလက်လှမ်းမီသည့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ဆောင်ရွက်ပေးမည့် နေပြည်တော်အလင်း (သို့မဟုတ်) နေပြည်တော်အပြုံး

လူတိုင်းလက်လှမ်းမီသည့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှုစနစ် လုပ်ငန်းစဉ်များသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဦးစားပေး၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (Sustainable Development Goals-SDG) တွင် ပါရှိသည့် ကျန်းမာရေးကဏ္ဍ နှင့်သက်ဆိုင်သည့် ပန်းတိုင်အမှတ်စဉ်- ၃ ဖြစ်သည့် အသက်အရွယ်မရွေး လူတိုင်းကျန်းမာသည့်ဘဝ ရရှိစေရေးဆိုသည့် ရည်မှန်းချက်ကို ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီရေးအတွက် မြန်မာနိုင်ငံအနေဖြင့်လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

မျက်စိနှင့် စိတ်၊ သွားနှင့်ခန္ဓာကိုယ်ဟု ဒွန်တွဲနေမှုကို ပြောကြစမြဲပင်။ ထို့ကြောင့် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဟု ဆိုကြပါသည်။ ကိုယ်နှင့်စိတ်ကောင်းဖို့ လိုသလို မျက်စိနှင့် သွားကောင်းဖို့လည်း လိုအပ်လှပါသည်။

ခန္ဓာကိုယ်အတွက် လိုအပ်သည့် အစားအစာများတွင် ခန္ဓာကိုယ်ကိုကြီးထွားစေသည့် အစာ၊ အင်အားဖြစ်စေသည့်အစာ၊ ရောဂါကာကွယ်စေသည့် အစာများကို မျှမျှတတစားပေးရပါမည်။ အစားအစာသည် အသက်ရှင်ဖို့စားသုံးနေရခြင်းဖြစ်ပါသည်။ အသက်ရှင်သန်ဖို့အတွက် အစားအစာများကို စားချင်သည့်ဆန္ဒရှိဖို့လည်း လိုအပ်နေပါသေးသည်။ စားချင်သည့်ဆန္ဒ ဖြစ်ပေါ်လာစေရန် စိတ်ပိုင်းဆိုင်ရာပြည့်စုံဖို့လည်း လိုအပ်ပါသည်။ “သွားကျန်းမာရေးမကောင်းသည့်သူများသည် စိတ်ပိုင်းဆိုင်ရာအားဖြင့် တစ်ခုခုလိုအပ်နေသလို ခံစားကြရကြောင်း သွားဆရာဝန်များက ဆိုထားပေသည်။

မျက်စိနှင့်သွား၏ အသွင်အပြင်သည် လိုအပ်မှုအတွက် လှုံ့ဆော်မှုတစ်ခုဖြစ်ပါသည်။ ကြည်လင်သောအလင်းနှင့် တောက်ပသောအပြုံးအတွက် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ဖြစ်လာပြီး မပြည့်စုံသောခံစားချက်ရရှိလာကြပါသည်။ ထို့ကြောင့် ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း နေထိုင်လျက်ရှိကြသည့် မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမများအတွက် နေပြည်တော်အလင်းနှင့် နေပြည်တော်အပြုံး အစီအစဉ်အဖြစ် စီစဉ်ဆောင်ရွက်လျက်ရှိသည့် တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ရပါသည်-

ဦးမြင့်စိုး နေပြည်တော်ကောင်စီဝင်

မေး။ နေပြည်တော်အလင်းနဲ့ နေပြည်တော်အပြုံးအစီအစဉ်ဆောင်ရွက်မှုနဲ့ပတ်သက်ပြီး ပြောကြားစေလိုပါတယ်။

ဖြေ။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှု၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ခွင့်ပြုချက်နဲ့ နေပြည်တော် ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာနမှူးရဲ့ နေပြည်တော်အလင်းနဲ့နေပြည်တော်အပြုံးဆိုပြီး ဆောင်ရွက်မယ့်အစီအစဉ်ဟာ ပြည်သူတွေအတွက် တိုက်ရိုက်အကျိုးရှိတဲ့လုပ်ငန်းဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝရရှိစေတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အများပြည်သူရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ထိထိရောက်ရောက်ဆောင်ရွက်ပေးမယ် လို့သိရတဲ့အတွက် ဝမ်းသာပါတယ်။ ဆေးကုသခံယူတဲ့ ပြည်သူလူထုကိုလည်း အလှူရှင်များရဲ့ ထည့်ဝင်ငွေများနဲ့ အာဟာရများပါ ကျွေးမွေးစောင့်ရှောက်မယ့် အစီအစဉ်ဖြစ်ပါတယ်။

မေး။ ခွဲစိတ်မယ့်လူနာတွေရဲ့ သွားလာရေးအတွက် စီစဉ်ပေးမယ့် အခြေအနေကိုလည်း ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ခွဲစိတ်မယ့်လူနာတွေရဲ့ သွားလာရေးအတွက် နေပြည်တော်ကောင်စီရဲ့ပံ့ပိုးမှုနဲ့ နေပြည်တော်အတွင်း မြို့နယ်ရှစ်မြို့နယ်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက သက်ဆိုင်ရာမြို့နယ်အလိုက် ကြို/ပို့ ကိစ္စများကို ကားစီစဉ်ပြီး ခွဲစိတ်မယ့်စုရပ်နေရာများကို ဝိုင်းဝန်းကူညီ ပို့ဆောင်ပေးဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ မျက်စိအတွင်း တိမ်ကခွဲပြီးသွားရင် မှန်ဘီလူးထည့်ရတယ်လို့သိရပြီး ဆေးရုံမှာနားရတယ်လို့ သိရပါတယ်။လူနာတွေအတွက် အာဟာရနဲ့ လိုအပ်တဲ့ကိစ္စများ ပူးပေါင်းဆောင်ရွက် ပေးမှာဖြစ်ပါတယ်။

ဒေါက်တာသန်းနိုင်စိုး

နေပြည်တော်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး

မေး။ နေပြည်တော်အလင်းနဲ့ နေပြည်တော်အပြုံးအစီအစဉ်အဖြစ် ဆောင်ရွက်မယ့်အစီအစဉ်ကို ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့ပြများနဲ့ကျေးလက်ဒေသများ အားလုံးမှာ မှီတင်းနေထိုင်ကြတဲ့ မျက်စိအတွင်းတိမ်လူနာများနဲ့ နှုတ်ခမ်းကွဲ/ အာခေါင်ကွဲ လူနာတွေကို အခမဲ့ခွဲစိတ်ကုသပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။ လူတိုင်းလက်လှမ်းမီတဲ့ သာတူညီမျှကျန်းမာရေးစောင့်ရှောက်မှုစနစ်ဖြစ်ပါတယ်။ Univer- sal Health Coverage ကို ကျွန်တော်တို့သွားချင်တာပါ။ ပြည်သူလူထုရဲ့ အိတ်ကပ်ထဲက စိုက်ထုတ်ရတဲ့ ကုန်ကျစရိတ်တွေသက်သာအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ မျက်စိအတွင်း တိမ်က အသက်ကြီးလာရင်ဖြစ်တတ်တဲ့အတွက် အခုလိုဆောင်ရွက်ခြင်းဖြစ်ပါတယ်။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲက အရှင်မွေး ၁၀၀၀ မှာ တစ်ယောက်ရှိပါတယ်။ ဒါကြောင့်မို့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲတွေကိုလည်း ခွဲစိတ်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။

မေး။ နေပြည်တော်အလင်းနဲ့ နေပြည် တော်အပြုံးအဖြစ် ဆောင်ရွက်တဲ့လုပ်ငန်းစဉ်ကိုလည်း သိပါရစေ။

ဖြေ။ ပထမဆုံးတော့ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲရှိကျန်းမာရေးဆရာမတွေက သက်ဆိုင်ရာနယ်မြေဒေသအလိုက်မှာ အသက်ကြီးပြီးမျက်စိခွဲချင်တဲ့ အတွင်းတိမ်လူနာစာရင်းနဲ့နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲစာရင်းကို ကောက်ပါတယ်။ ရရှိတဲ့စာရင်းအရ အထူးကုဆရာဝန်တွေနဲ့တိုင်ပင်ပြီး တစ်လကိုလူဦးရေဘယ်လောက်ခွဲပေးနိုင်မလဲဆိုတဲ့အပေါ်မူတည်ပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။

မေး။ မျက်စိခွဲစိတ်ဖို့အတွက် နေပြည်တော်အတွင်း ဘယ်ဆေးရုံတွေမှာ ခွဲစိတ်ပေးမှာပါလဲ။

ဖြေ။ မျက်စိခွဲစိတ်စစ်ဆေးပေးနိုင်တာက နေပြည်တော်ကုသရေးဦးစီးဌာန လက်အောက်မှာရှိတဲ့ နေပြည်တော်ပြည်သူ့ဆေးရုံ ခုတင် ၃၀၀၊ ပျဉ်းမနားပြည်သူ့ဆေးရုံ ခုတင် ၂၀၀ တို့ မှာ ခွဲစိတ်ပေးမှာဖြစ်ပါတယ်။ ဒီ ခုတင် ၃၀၀ နဲ့ ခုတင် ၂၀၀ မှာ မနိုင်တဲ့ကိစ္စမျိုး၊ လူများတယ်ဆိုရင် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံ/ဗဟိုအဆင့် ဆေးရုံဖြစ်တဲ့ ဥတ္တရသီရိမြို့နယ်မှာရှိတဲ့ ခုတင် ၅၀၀ ကို လွှဲပေးပြီး ခွဲစိတ်မှာဖြစ်ပါတယ်။ ဒီ ခုတင် ၃၀၀၊ ခုတင် ၂၀၀ နဲ့ ခုတင် ၅၀၀ ဆေးရုံတွေက အထူးကုဆရာဝန်တွေက အခမဲ့ ခွဲစိတ်ကုသပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။

မေး။ နေပြည်တော်အလင်းနဲ့ နေပြည်တော်အပြုံးအစီအစဉ်မှာ မျက်စိအတွင်းတိမ်နဲ့ နှာခေါင်းကွဲ၊ အာခေါင်ကွဲခွဲစိတ်မယ့်အရေအတွက် ဘယ်လောက်လောက် ခွဲစိတ်ပေးမှာပါလဲ။

ဖြေ။ မျက်စိ အတွင်းတိမ်ခွဲမယ့် စာရင်းက ၁၈၂ ဦးနဲ့ နှုတ်ခမ်းကွဲ/အာခေါင်ကွဲစာရင်းက ၄၈ ဦး ရရှိပြီး ဖြစ်ပါတယ်။ စာရင်းကောက်တာကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နေမှာ ဖြစ်ပါတယ်။ လစဉ်ဆောင်ရွက်ပြီး ရေရှည်သွားမှာဖြစ်တဲ့အတွက် လူဦးရေကန့်သတ်မထားပါဘူး။

မေး။ မျက်စိ စပြီးခွဲစိတ်မယ့် အချိန်ကဘယ်အချိန်လောက်ဖြစ်မလဲ။

ဖြေ။ မေလ ၁၄ ရက်နေ့ကစပြီး ခွဲစိတ်မှာဖြစ်ပါတယ်။ တစ်ကြိမ်ပြီးတစ်ကြိမ် ခွဲစိတ်မယ့် လူဦးရေကို ကြေညာသွားမှာဖြစ်ပါတယ်။

မေး။ နေပြည်တော်အပြုံး အစီအစဉ်နဲ့ပတ်သက်ပြီးလည်း ပြောပြပေးစေလိုပါတယ်။

ဖြေ။ နေပြည်တော်အပြုံး ခေါင်းစဉ်အောက်မှာ ခွဲစိတ်မယ့်နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာကမျက်စိခွဲမယ့်လူနာထက်စာရင် နည်းပါတယ်။ နေပြည်တော်အလင်း အစီအစဉ်ကို အရင် ဆောင်ရွက်ပြီးမှ နေပြည်တော်အပြုံး အစီအစဉ်ကို ဆောင်ရွက်မှာဖြစ်ပါတယ်။ ရရှိပြီးတဲ့နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာစာရင်းကိုပဲ နေပြည်တော်အပြုံး ဆိုတဲ့အစီအစဉ်နဲ့ ခွဲစိတ်ပေးမှာ ဖြစ်ပါတယ်။

မေး။ သွားနဲ့ပတ်သက်ပြီး တခြားဆောင်ရွက်ပေးမယ့် အစီအစဉ်ကိုလည်း သိပါရစေ။

ဖြေ။ သွားမကောင်းတဲ့သူတွေအတွက် အံကပ်တပ်ပေးမယ့်အစီအစဉ် လည်းရှိပါတယ်။ အံကပ်တွေကိုလည်း အခမဲ့တပ်ပေးမှာဖြစ်ပါတယ်။ အလှူရှင်ရှိရင် ရှိသလိုလည်း ထပ်တိုးတပ်ပေးနိုင်မှာဖြစ်ပါတယ်။ အံကပ်က တစ်လကို လူဦးရေ ၈၀ လောက်တော့ အံကပ်တပ်ပေးနိုင်ပါတယ်။

မေး။ လက်ရှိစာရင်းကောက်ပြီးတဲ့ အထဲမပါသေးဘဲ နောက်ထပ်စာရင်းပေးလိုတဲ့ ပြည်သူတွေအတွက်ကို ဘယ်လိုသတင်းစကား ပါးလိုပါသလဲ။

ဖြေ။နေပြည်တော်အလင်းနဲ့ နေပြည်တော်အပြုံး အစီအစဉ်အဖြစ် လစဉ်အကြိမ်ကြိမ်ခွဲစိတ်ပေးနေမှာ ဖြစ်တဲ့အတွက် ခွဲစိတ်လိုတဲ့လူနာတွေအနေနဲ့ နေပြည်တော်အတွင်း မြို့နယ်ရှစ်မြို့နယ်မှာရှိတဲ့ မြို့နယ်ပြည်သူ့ဆေးရုံများနဲ့ မြို့နယ်အလိုက် သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာန/ ဌာနခွဲများမှာ စာရင်းပေးလို့ရပါကြောင်း ပြောကြားလိုပါတယ်။ ။

တွေ့ဆုံမေးမြန်း - ရွှေပင်လယ် (IPRD) ၊ ဓာတ်ပုံ - ဟိန်းသူအောင် (ဇမ္ဗူ)