နေပြည်တော် မေ ၁၃
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိသစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီ၊ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် လုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများတက်ရောက်ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် သယံဇာတရေးရာဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ၊ ရေထွက်သယံဇာတများ ရေရှည်တည်တံ့အောင် စနစ်တကျစီမံအုပ်ချုပ်လုပ်ကိုင်နိုင်ရန်လိုအပ်ကြောင်း၊ ပင်လယ်ကမ်းရိုးတန်းဒေသများတွင် ဒီရေတောပင်နှင့်အရိပ်ရပင်များ (Green Belt) တိုးမြှင့်စိုက်ပျိုးရေး၊ ဒီရေတောများ ထိန်းသိမ်းကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူများသို့ အသိပညာပေးရေး၊ ရေအောက်သဘာဝရှုခင်းများနှင့် ရေနေသတ္တဝါများအား ထိန်းသိမ်းရန်အတွက် အရေးကြီးသော Hot Spot နေရာများ သတ်မှတ်ရေးတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံတွင် နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတဘက်စုံစီမံအုပ်ချုပ်ရေးအစီအစဉ်ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စွန့်ပစ်အမှိုက်များ ပင်လယ်တွင်းရောက်ရှိပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေရေး လုပ်ငန်းစဉ်အဆင့်အလိုက် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများရေးဆွဲခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က Blue Economy ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများကို ကဏ္ဍအလိုက်ဖော်ထုတ်ချမှတ်နိုင်ရေး၊ ကမ်းရိုးတန်း သယံဇာတကိုမထိခိုက်သော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ပင်လယ်ကမ်းရိုးတန်း အဏ္ဏဝါသယံဇာတထိန်းသိမ်းရေး၊ သုတေသနနှင့် နည်းပညာဖလှယ်ရေး ပူးပေါင်းအဖွဲ့အားဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ငါးမဖမ်းရနယ်မြေများ သတ်မှတ်ဆောင်ရွက်ရေး၊ ငါးမဖမ်းရရာသီကာလ သတ်မှတ်ရေး၊ တရားမဝင်ငါးဖမ်းဆီးမှုများ ကာကွယ်ရေး၊ သဘာဝမှရရှိသော သယံဇာတများကို မှီခိုထုတ်လုပ်မှု လျော့နည်းစေရန်အတွက် ငါးမွေးမြူရေးလုပ်ငန်း တိုးတက်လာစေရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပင်လယ်ကမ်းရိုးတန်း ဒေသရှိသဘာဝနယ်မြေများ၊ ရေဝေရေလဲဒေသများ၊ သဘာဝအင်းအိုင်များ၊ ကျွန်းနှင့်ကျွန်းစုများ ထိန်းသိမ်းကာကွယ်ရေး၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ဟန်ချက်ညီညီဖြစ်စေ ရေးအတွက်သက်ဆိုင်ရာ လုပ်ငန်းကော်မတီဝင်များနှင့် ဆက်စပ်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက် သွားကြရန်မှာကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူးက ကော်မတီ၏လုပ်ငန်းတာဝန်များ၊ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးကြပြီး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်