ရန်ကုန် မေ ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက တိုင်းဒေသကြီးအတွင်းရှိ ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေမှ လုပ်ငန်းရှင်များအား ချေးငွေများထုတ်ချေးထားရှိမှု၊ MSME Member Card များ ထုတ်ပေးထားရှိမှု၊ သီလဝါအထူးစီးပွားရေးဇုန်တွင် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့များ ဖွဲ့စည်းထားရှိမှုစသည့်အခြေအနေများနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအပေါ် လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများက လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုး၊ မွေးမြူရေးနှင့်ကဏ္ဍပေါင်းစုံတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက် မှ ၁၅ ရက်အတွင်း ကျင်းပပြုလုပ် မည့် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ခံနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သတ်မှတ်ချက်များနှင့် အကျုံးဝင်သူများအား စနစ်တကျစိစစ်ရွေးချယ် ဆောင်ရွက်နေမှုအခြေအနေများ၊ ပန်းခင်းစီမံချက်များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သိရှိလိုသည်များမေးမြန်းဆွေးနွေးပြီးလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကိုသိရှိနိုင်ရန်နှင့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်အတွက် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ တင်ပြချက်များအရ စိုက်ပျိုးရေးလုပ်ငန်း၌ နွေစပါးစိုက်ပျိုးမှုတွင် မျိုးစေ့ချကိရိယာ Seeder ကိုအသုံးပြု၍ စိုက်ပျိုးရာတွင်အထွက် နှုန်းပိုမိုကောင်းမွန်မှုရရှိသည်ကိုတွေ့ရှိရသဖြင့် နည်းစနစ်မှန်ကန်စွာဖြင့်အထွက်နှုန်းကောင်းအောင် အသိပညာပေးပြီး အောင်မြင်အောင် စိုက်ပျိုးရန်လိုအပ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူအားလုံးအတွက် မိမိတိုင်းဒေသကြီး၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိမှုများဖြင့် ဖူလုံအောင်ဆောင်ရွက်သွားရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ထားကြောင်း၊ အဆိုပါလမ်းညွှန်ချက်နှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများက တင်သွင်းရန်မလိုအပ်သည်အထိ ရာနှုန်းပြည့်အောင်မြင်ဖြစ်ထွန်းအောင် နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း။
အစာစပ်စက်ရုံ တည်ဆောက်ထုတ်လုပ်နိုင်ပါက မွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်ဖြစ်ထွန်းလာမည်
ရန်ကုန်တိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ ဥစားကြက်၊ အသားတိုးကြက်များကို စီးပွားဖြစ်နှင့် တစ်ပိုင်တစ်နိုင် မွေးမြူထားရှိမှုကိုကြည့်ပါက အကောင်ရေ ၁၇ သန်းမှ သန်း ၂၀ နီးပါးအကြား တွေ့ရှိရကြောင်း၊ အဆိုပါမွေးမြူထားရှိမှုနှင့်ပတ်သက်၍ ထုတ်လုပ်မှုစရိတ် လျှော့ရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် အစာစပ်စက်ရုံများတည်ဆောက်၍ ကိုယ်တိုင်အစာထုတ်လုပ်သည့်စနစ်ဖြင့် ဆောင်ရွက်ပါက အစာဈေးနှုန်း ကုန်ကျစရိတ်မှာ ပြင်ပပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်းခန့်သက်သာနိုင်သည့်အပြင် မိမိကိုယ်တိုင်ထုတ်လုပ်သဖြင့် လိုအပ်ချက်အပေါ်မူတည်၍ လိုအပ်သလိုဆောင်ရွက်နိုင်သည့်အတွက် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအပေါ် မှီခိုစရာမလိုသည့်အပြင် ဥတစ်လုံးချင်းထုတ်လုပ်မှု စရိတ်သက်သာစွာဖြင့် ထုတ်လုပ်နိုင်သဖြင့် ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ကြက်၊ ဝက်၊ ငါး၊ ကျွဲ၊ နွားအစာများ ကိုယ်တိုင်အစာစပ် စက်ရုံတည်ဆောက်ထုတ်လုပ်နိုင်ပါက မွေးမြူရေးလုပ်ငန်းများ ယခုထက် ပိုမိုအောင်မြင်ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း။
ချေးငွေရယူ၍ ဆောင်ရွက်နေသည့်လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးရန်လို
နိုင်ငံစီးပွားမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်မှထောက်ပံ့ပေးသည့် ၈ ဘီလီယံရှိရာ လုပ်ငန်းရှင်များသို့ ထုတ်ချေးငွေပမာဏသည် ၇ ဒသမ ၅ ဘီလီယံကျော်ရှိသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါထုတ်ချေးထားသည့် ချေးငွေများသည် လုပ်ငန်းအမှန်တကယ် လည်ပတ်မှု ရှိရန်လိုကြောင်း၊ ချေးငွေချေးရာတွင် ကာလတိုချေးငွေ၊ ကာလလတ်ချေးငွေနှင့် နှစ်ရှည်ချေးငွေများရှိပြီး ချေးငွေများအပေါ်မူတည်၍ ချေးယူထားသည့် လုပ်ငန်းရှင်များကလည်း လုပ်ငန်းများ မှန်မှန်ကန်ကန် အောင်မြင်အောင်ဆောင်ရွက်ရန်လိုအပ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ချေးငွေရယူ၍ ဆောင်ရွက်နေသည့်လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်ခြင်း ရှိ/မရှိ မျက်ခြည်မပြတ် သိရှိနိုင်ရေးစစ်ဆေးသွားရန်လိုကြောင်း၊ ထိုသို့လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်မှသာ ချေးငွေများပြန်လည်ပေးဆပ်နိုင်မည်ဖြစ်ပြီး အဆိုပါရရှိသည့်ငွေများကို ထပ်မံ၍ အခြားသောငွေကြေးလိုအပ်ချက်ရှိသည့်လုပ်ငန်းများသို့ ထပ်မံချေးငွေများ ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။
သန်းခေါင်စာရင်းမှန်ကန်စွာ ကောက်ယူနိုင်မှုသည် နိုင်ငံတော်အတွက် အရေးကြီး
ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့်ပတ်သက်၍ စာရင်းဇယားများအရ မဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက် အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၁၀) နှစ်တွင် တစ်ကြိမ်သာကောက်ယူသည့် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး အောင်မြင်စွာကောက်ယူနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းသည် ဆန္ဒမဲပေးခြင်းနှင့် မတူညီကြောင်း၊ သန်းခေါင်စာရင်းလုပ်ငန်းသည် နိုင်ငံအတွင်းနေထိုင်သူအားလုံးနှင့် သက်ဆိုင်ပြီးသန်းခေါင်စာရင်းမှန်ကန်စွာ ကောက်ယူနိုင်မှုသည် နိုင်ငံတော်အတွက်အရေးကြီးကြောင်း၊ အဆိုပါစာရင်းဇယားများ မှန်ကန်မှသာ မိမိနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များကိုများစွာ အထောက်အကူပြုမည်ဖြစ်သည့်အပြင် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင်လည်းလိုအပ်သလို စနစ်တကျစီမံဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် မှန်မှန်ကန်ကန် စနစ်တကျကောက်ယူသွားရန်လိုကြောင်း။
မိုးရာသီတွင် ကြုံတွေ့ရသည့် ရေကြီးရေလျှံမှုများနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရန်လို
မကြာမီ မိုးရာသီရောက်ရှိလာမည်ဖြစ်သည့်အတွက် မိုးကြိုကာလဆောင်ရွက်ရမည့် စိုက်ပျိုးရေးလုပ်ငန်းများနှင့် မိုးရာသီစိုက်ပျိုးရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာ မြို့နယ်များအလိုက်ကြီးကြပ်၍ လျာထားချက်နှင့်ပြည့်မီအောင် ကြိုတင်စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့အပြင် မိုးရာသီတွင်ကြုံတွေ့ရသည့် ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရှိရန်လိုကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ မိုးရာသီတွင် ဖြစ်ပွားတတ်သည့်ရောဂါများ အတတ်နိုင်ဆုံးဖြစ်ပွားမှု မရှိစေရေး မပြတ်စီမံဆောင်ရွက်ကြရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ မကြာမီတွင်ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် လာမည့်ပညာသင်နှစ်တွင် ကျောင်းများအားလုံး ဖွင့်လှစ်သင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သော ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့် အတန်းစဉ်မပြတ် တက်ရောက်ပညာသင်ကြားနိုင်ရေး၊ ကျောင်းနေအရွယ် ကလေးအားလုံး လုံလုံခြုံခြုံဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း၍ စနစ်တကျစီမံဆောင်ရွက်သွားကြရန်လိုကြောင်း။
ပြည်ပပို့ကုန်အမယ်သစ်များ ထုတ်လုပ်တင်ပို့နိုင်ရေး ဆောင်ရွက်ရန်လိုအပ်
နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ စားသုံးဆီဖူလုံရေးအတွက်နေကြာနှင့် အခြားဆီထွက်သီးနှံများကိုလည်း စနစ်တကျစိုက်ပျိုးသွားရန်လိုကြောင်း၊ MSME လုပ်ငန်းများနှင့်ပတ်သက်၍လည်း ယခုထက်ပို၍ ဆောင်ရွက်ရန်လိုအပ်ပြီး တစ်ပိုင်တစ်နိုင်မှ အလယ်အလတ်အဆင့်ထိ အောင်မြင်အောင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထုတ်ကုန်ပစ္စည်းများကိုလည်း သီလဝါအထူးစီးပွား ရေးဇုန်ရှိစက်ရုံ၊ အလုပ်ရုံများနှင့် ချိတ်ဆက်၍ ဆောင်ရွက်မှုကြောင့် ဝင်ငွေများရရှိလျက်ရှိရာ ယခုထက်ပို၍ တိုးတက်အောင်မြင်အောင် စီမံဆောင်ရွက်ရန်လိုကြောင်း၊ MSME လုပ်ငန်းမှ စားကုန်၊ သောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအား မိမိဒေသ၌ ရောင်းချနိုင်ရေး ဦးမတည်ဘဲ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ပြည်ပပို့ကုန်အမယ်သစ်များဖြင့် ထုတ်လုပ်တင်ပို့နိုင်ရေးကို အဓိကဦးတည်ချက်ထားပြီး မူဘောင်အတွင်းမှ စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း။
ပြည်ဖျက်မီဒီယာအချို့ကမဟုတ်မမှန် ကောလာဟလသတင်းများ ထုတ်လွှင့်လျက်ရှိ
လုံခြုံရေးလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်း လစ်ဟာမှုမရှိ စေရန် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိရန်လိုအပ်ပြီး ပြည်သူ့အပေါ်မလိုလားအပ်သည့် အနိုင်ကျင့်မှုများ၊ အဓမ္မငွေကြေးကောက်ခံမှုများမပြုလုပ်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက အထူးကြပ်မတ်၍ ဥပဒေဘောင်အတွင်းမှ စနစ်တကျစီမံဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းမှုနှင့်ပတ်သက်၍ ဥပဒေများထုတ်ပြန်ပြီး ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်နေမှုများအပေါ် တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေလိုသည့် ပြည်ဖျက် မီဒီယာအချို့က ပြည်သူများ စိုးရိမ်ထိတ်လန့်မှုဖြစ်စေရန် မဟုတ်မမှန် ကောလာဟလသတင်းများ ထုတ်လွှင့်လျက်ရှိသည်ကိုတွေ့ရှိရပြီး မိမိတို့အနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေဘောင်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
ရန်ကုန်တိုင်းဒေသကြီးသည်နိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့်အားလျော်စွာ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအထောက်အကူဖြစ်စေရန်အတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နှစ်စဉ်နိုင်ငံတော်မှခွဲဝေပေးသည့် ဘတ်ဂျက်ဖြင့်သာမရပ်တည်ဘဲ မိမိတိုင်းဒေသကြီး၏ ရှာဖွေရရှိသည့်ဘတ်ဂျက်ဖြင့်ရပ်တည်နိုင်သည်အထိ အဆင့်လိုက်အစီအမံကောင်းများ ရေးဆွဲဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းနှင့် စီးပွားရေးဇုန်များအလိုက်လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လစ်ဟင်းမှုမရှိစေရေး ရေ၊ မီး၊ အလုပ်သမားစသည့်ကိစ္စရပ်များကိုလည်း ချမှတ်ထားသည့် မူဘောင်အတွင်းမှသက်ဆိုင်ရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်လိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်