Skip to main content

တပ်မတော်တွင် ဆဋ္ဌမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုလုပ်ငန်းဆောင်ရွက်

နေပြည်တော် မေ ၁၁

တပ်မတော်တွင် ပထမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်တွင် အသည်းအစားထိုးလူနာနှစ်ဦးဖြင့်လည်းကောင်း၊ ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်တို့ကို ၂၀၂၃ ခုနှစ်တွင် အသည်းအစားထိုးလူနာကိုးဦးဖြင့် လည်းကောင်း၊ ပဉ္စမအကြိမ်ကို ၂၀၂၄ ခုနှစ်တွင် အသည်းအစားထိုးလူနာ သုံးဦးဖြင့် လည်းကောင်း အောင်မြင်စွာ ခွဲစိတ်ကုသ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ယခုအခါ ဆဋ္ဌမအကြိမ်အသည်းအစားထိုး ခွဲစိတ်ကုသမှုကို လူနာသုံးဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမနေ့အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) အထူးကုသမှုစင်တာ၌ ပြုလုပ်သည်။

အဆိုပါ အသည်းအစားထိုး ခွဲစိတ်ကုသမှုကို တပ်မတော်မှအသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး လူနာဖြစ်သူ အမှတ်(၈)စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ဗိုလ်မှူး အောင်နိုင်ဦးနှင့် တူမဖြစ်သူအသည်းအလှူရှင် ဒေါ်ဇင်မာလှိုင်တို့ကို ခွဲစိတ်ကုသခဲ့ခြင်း ဖြစ်သည်။

အသည်းအစားထိုး ခွဲစိတ်ကုသမှုဆောင်ရွက်ရာတွင် အသည်းအလှူရှင်လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၁၀ နာရီခွဲတွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသော အသည်းကို ညနေ ၅ နာရီခွဲခန့်တွင် အသည်းလက်ခံ လူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်း ခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသခန်း၌လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေး လျက်ရှိသည်။

အသည်းအစားထိုး ခွဲစိတ်ကုသမှုကို တပ်မတော်မှတာဝန်ရှိသူ အရာရှိကြီးများက ကြည့်ရှုအားပေးခဲ့ပြီး မေ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်