Skip to main content

(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ ဆက်လက်ကျင်းပ ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၄၂၄ တွဲ ရောင်းချနိုင်ခဲ့

နေပြည်တော် မေ ၉

(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်း ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၁၉၀၁) မှ (၂၇၅၀) အထိ ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း ၄၂၄ တွဲ ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာသည်။

ထို့ပြင် ပြည်တွင်း ရတနာ ကုန်သည်များကိုသာ ရောင်းချပေးမည့် အုပ်စု (C) မှ ကျောက်စိမ်း အတွဲအမှတ် (၂၇၅၁) မှ (၃၇၅၀) အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူ များက ပြပွဲအဋ္ဌမနေ့တွင် ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ပြပွဲ နဝမနေ့တွင် ကြေညာသွားမည်ဖြစ်သည်။

(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိမဏိရတနာ ကျောက်စိမ်းခန်းမ၌ မေ ၃ ရက်မှ ၁၂ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲဒုတိယနေ့တွင် ပုလဲအတွဲပေါင်း ၁၈၂ တွဲ၊ တတိယနေ့တွင် ပုလဲအတွဲပေါင်း ၁၉၇ တွဲ၊ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း ၈၈ တွဲ၊ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၅၄၆ တွဲ၊ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲ ပေါင်း ၅၆၉ တွဲနှင့် သတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၄၂၄ တွဲကို ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်