Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်ပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများ လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် မေ ၉

၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်အားကစားရုံ၌ကျင်းပရာ နေပြည်တော်အားကစားနှင့် ကာယပညာ ကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်ရေးအတွက် အခြေခံကျသော ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ်များ ပြုစုပျိုးထောင်ပေးနိုင်ခြင်း၊ နွေရာသီအားလပ်ရက်များကို အကျိုးရှိစွာ အသုံးချနိုင်ခြင်း၊ အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာသန်စွမ်းသော မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာခြင်း၊ အခြေခံမှသည် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည်အထိ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေမည်ဖြစ်ကြောင်း၊ အားကစားနှင့် ပညာရေးအချိုးညီစွာ ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် ကျောင်းသားလူငယ်များ အားကစားလှုပ်ရှားမှုများတွင် စိတ်ပါဝင်စားမှု၊ ပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာစေပြီး ဗလငါးတန်ဖွံ့ဖြိုးမှုတို့ကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူ လူငယ်များအားလုံး မိမိကိုယ်ကို ယုံကြည်သည့်စိတ်၊ ခိုင်မာသည့် စိတ်ဓာတ်နှင့် မိမိရည်မှန်းချက်ကို အောင်မြင်အောင် ကြိုးစားကြစေလိုကြောင်း၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းများမှတစ်ဆင့် နေပြည်တော်၏ဂုဏ်၊ နိုင်ငံ့၏ဂုဏ်ကိုဆောင်နိုင်သည့် အားကစား သမားကောင်းများ ဖြစ်လာအောင် စွမ်းစွမ်းတမံ ဆက်လက်ကြိုးစား လေ့ကျင့်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နွေရာသီအဆင့်မြင့်မြားပစ် သင်တန်းမှ သင်တန်းသား သင်တန်းသူများ လက်ရည်စစ်ပြိုင်ပွဲပြုလုပ်မှုကို ကြည့်ရှုအားပေးပြီး သင်တန်းနည်းပြဆရာများ၊ မြားပစ်လက်ရည်စစ်ပြိုင်ပွဲတွင် ဆုရရှိသည့် သင်တန်းသား သင်တန်းသူများကို ဂုဏ်ပြုဆုများနှင့် သင်တန်းသား သင်တန်းသူများကို သင်တန်းဆင်းလက်မှတ် များ ပေးအပ်ချီးမြှင့်သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် နွေရာသီအဆင့်မြင့် အားကစားသင်တန်းကို ဧပြီ ၂၅ ရက်မှ မေ ၉ ရက်အထိ အားကစားနည်း ၁၁ နည်းကို သင်တန်းသား သင်တန်းသူ ၈၉၀ တို့ကို သင်တန်းကာလ ၁၅ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဓိရပ်ကွက် သုတမင်္ဂလာ စာကြည့်တိုက်သို့သွားရောက်၍ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ ခင်းကျင်းထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက် ကော်မတီဝင်များနှင့် တွေ့ဆုံ၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများစာဖတ်သည့် အလေ့အထများ ဖြစ်စေရေး၊ အသိပညာ၊ အတတ်ပညာဗဟုသုတ ပြည့်စုံစေရေး၊ စာအုပ်များ စနစ်တကျထားရှိရေး၊ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း ပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက သုတမင်္ဂလာစာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့်စာအုပ် စာစောင်များကို ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာအုပ်စု ရန်အောင်မြင်ကျေးရွာရှိ မြတ်ဆုမွန်စာကြည့်တိုက်သို့ ရောက်ရှိကာ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ ခင်းကျင်းထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တာဝန်ရှိသူများနှင့်အတူ ရန်အောင်မြင်ကျေးရွာအုပ်စု တပ်ပိုးကျေးရွာ အခြေခံစာ တတ်မြောက်ရေး စာဖတ်ဝိုင်းနှင့် လယ်ဝေးမြို့နယ် အမှတ် (၅) ရပ်ကွက်၊ အင်တိုင်းသာ အခြေခံပညာမူလတန်းကျောင်း အခြေခံစာတတ်မြောက်ရေး စာဖတ်ဝိုင်း အမှတ်(၆)သို့ သွားရောက်၍ စာသင်သားများကို အခြေခံမြန်မာစာ၊ အခြေခံသင်္ချာဘာသာရပ်များ သင်ကြားပေးနေမှုကို ကြည့်ရှုအားပေးပြီး အာဟာရဖြစ် စားသောက်ဖွယ်ရာများနှင့် စာအုပ်စာစောင်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်