နေပြည်တော် မေ ၈
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၅ ရက်နှင့် ၆ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၁၄ ဒသမ ၈၇၈ တန်၊ သစ်မာ ၇ ဒသမ ၁၉၃တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၇၀၆၇၄) ကို သစ်တောဥပဒေအရလည်းကောင်း၊ ပြည်မြို့ ရွာဘဲရပ်ကွက်၌ လိုင်စင်မဲ့ Nissan AD Van ယာဉ်တစ်စီးခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀ ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၇၀၆၇၄ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မေ ၆ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာ နမ္မဘောဒတံတား၌ တန့်ယန်းမြို့မှ လားရှိုးမြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ်လည်တို တောစီးကင်းဘတ်ဖိနပ် အရန်၂၅၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မေ ၆ ရက်တွင် မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သထုံမြို့ မြို့အဝင်မိုင်တိုင် အမှတ်(၂/၇)အနီး၌ ဘားအံမြို့မှ သထုံမြို့သို့ မောင်းနှင်လာသော ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lactasoy ပဲနို့ဘူး ၁၈၀၀၊ DEEDO အချိုရည်ဘူး ၃၆၀၀ အပါအဝင် ကုန်ပစ္စည်းကိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၁၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace တစ်စီးနှင့် Asia Star Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၈၀၁၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မေ ၆ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေး လမ်းဟောင်း ဟန်မြင့်မိုရ်ရွာအနီး၌ ရပ်တန့်ထားသော ယာဉ်ခုနစ်စီး ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ကြက်သွန်ဖြူ ၂၀ ကီလိုဂရမ်ပါအိတ် ၄၇၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၀၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်Hino Profia Truck တစ်စီး၊ Mitsubishi Fuso Truck သုံးစီး၊ Nissan Diesel Truck သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၀၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် မေ ၆ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မင်းတုန်းမြို့နယ် ကူဖြူကျေးရွာအနီး၌ တရားမဝင်စက်သုံးဆီ ဓာတ်ဆီ ၄၄ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၃၂၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Canda 110 ဆိုင်ကယ်နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၆၃၂၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မေ ၆ ရက်တွင် ရွာသာကြီး Dry Port ၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပလတ်စတစ်ဘူးခွံ (အလွတ်) ၂၀၆၀ ကီလိုဂရမ်၊ ထိုင်းနိုင်ငံထုတ် TRS Iodized Refined ဆားအိတ် ကီလိုဂရမ် ၅၀ ပါ အိတ် ၃၀၀ အပါအဝင် ကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၉၄၁၂၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck နှစ်စီး၊ Hino Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ မေ ၇ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းသီရိရတနာဈေးရှေ့၌ လိုင်စင်မဲ့ Toyota Corolla ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၈၄၄၁၂၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မေ ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၃၂ မှု (ခန့်မှန်းတန်ဖိုးငွေကျပ်၇၄၃၁၈၅၀၇၄) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်