Skip to main content

မြဝတီမြို့တွင် ချစ်ကြည်ရေးတံတားနှစ်စင်း ပြန်လည်ဖွင့်လှစ်ပြီးနောက် ပုံမှန်အတိုင်း ကုန်သွယ်၊ သွားလာမှုများ စည်ကားအသက်ဝင်လျက်ရှိ

ရန်ကုန် မေ ၈

မြဝတီမြို့တွင် ချစ်ကြည်ရေးတံတားနှစ်စင်း ပြန်လည်ဖွင့်လှစ်ပြီးနောက် ပုံမှန်အတိုင်း ကုန်သွယ်၊ သွားလာမှုများ စည်ကားအသက်ဝင်နေပြီဖြစ်ကြောင်း ကုန်သည်များနှင့် ဒေသခံများထံ ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

မြဝတီမြို့နှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ထားသော မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁) ကို ဧပြီ ၂၁ ရက်တွင် ယာယီပိတ်ပြီးနောက် ဧပြီ ၂၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ချစ်ကြည်ရေးတံတားအမှတ် (၂) ကို ဧပြီ ၁၁ ရက်တွင် ယာယီပိတ်ပြီးနောက် ဧပြီ ၃၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

“လက်ရှိ အနေအထားအရ အမှတ်(၂) တံတားက ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပြီး ကုန်စည်စီးဆင်းမှုအတွက် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဇုန်ထဲက ထိုင်းဘက်မှ ကုန်စည်​တွေ မြန်မာပြည်ထဲဝင်သလို မြန်မာပြည်ထဲမှ ကုန်စည်​တွေလည်း ထိုင်းဘက်ဆီဝင်နေတဲ့ အနေအထားတွေ့ရတယ်။ ကုန်စည်စီးဆင်းမှုအနေနဲ့ အခုလက်ရှိမှာတော့ ပုံမှန်အနေအထားကို ပြန်ရောက်နေပြီလို့တော့ ပြောလို့ရပါတယ်။ လက်ရှိမှာ မြဝတီမြို့ပေါ်အနေအထားကတော့ အရင်အတိုင်းပဲတည်တည်ငြိမ်ငြိမ်နဲ့ ပုံမှန်အနေအထားပြန်ဖြစ်နေပြီ” ဟု အလင်းသစ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။

မြဝတီဒေသခံတစ်ဦးကလည်း တံတားများ ပြန်လည်ဖွင့်လှစ်ပြီးနောက် မြဝတီမြို့၌ ပုံမှန်ကုန်သွယ်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောသည်။

“လက်ရှိကုန်သွယ်မှုအနေနဲ့က တံတားဖွင့်ပြီးတော့ အခုက ပုံမှန်ပြန်ဖြစ်နေကြပါပြီ။ ပြည်မကို သွားနေတာလည်း လမ်းကြောင်းအနေနဲ့ကလည်း အာရှလမ်းမကြီးပိတ်ထားတော့ ဒီလိုပုံစံမျိုးတခြားလမ်းကသွားနေတာက ငါးလလောက်တော့ရှိနေပြီဆိုတော့ ပုံမှန်တော့ဖြစ်သွားပါ ပြီ”ဟု ၎င်းကပြောသည်။

လက်ရှိ ကုန်သွယ်ရာတွင် အဆင်ပြေသည့် လမ်းကြောင်းကိုသာ အသုံးပြုနေသည့်အတွက် ကုန်စည်ကြန့်ကြာခြင်းနှင့် သယ်ယူစရိတ်များပြားခြင်းတို့ ရှိနေသော်လည်း မကြာမီတွင် အဆင်ပြေသွားမည်ဟု မျှော်လင့်နေကြကြောင်းလည်း အထက်ပါ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။

MT