နေပြည်တော် မေ ၈
အမျိုးသားအပင်မျိုးသစ် အကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော် ရုံး အမှတ်(၁၅) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအပင်မျိုးသစ် အကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ကြသည်။
ပြဋ္ဌာန်းနိုင်ခဲ့
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို ပြဋ္ဌာန်းရေးဆွဲခြင်းနှင့် လိုအပ်သလိုပြုစုပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ရာ အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေကို အပြည်ပြည်ဆိုင်ရာ အပင်မျိုးသစ်အကာအကွယ်ပေးရေး ကွန်ဗင်းရှင်းမှ လက်ခံသည့် ဥပဒေတစ်ခုအနေဖြင့် ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ ဥပဒေအကောင်အထည်ဖော်ရန်အတွက် လိုအပ်သည့်နည်း ပညာကော်မတီနှင့် ဆပ်ကော်မတီများ၊ အမိန့်နှင့် ညွှန်ကြားချက်များကိုလည်း ဆက်လက်ထုတ်ပြန်ပြီး စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းကြောင့် အပင်မျိုးသစ်များကို မျိုးမွေးမြူရေးလုပ်ငန်းများမှ စတင်လျှောက်ထားလာကြကြောင်း။
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်း၊ မျိုးသန့်သုံးစွဲ စိုက်ပျိုးနိုင်ရေးတွင် အခြေခံအကျဆုံးဖြစ်ခြင်းကြောင့် နိုင်ငံတော်အတွက် လိုအပ်နေသည့် မျိုးစေ့ဥပဒေကို ယခုအတိုင်းအတာ တစ်ခုထိ ထိရောက်စွာ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ မျိုးကောင်းနှင့် မျိုးသန့်မျိုးစေ့လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့ဥပဒေအပြင် မျိုးကောင်းများ မွေးမြူရေးသုတေသနလုပ်ငန်းများ ထွန်းကားလာစေရေးအတွက် အထောက်အကူဖြစ်စေမည့် အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေကိုလည်း ရေးဆွဲပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း၊ ဤဥပဒေနှစ်မျိုးကို လေ့လာသုံးသပ်ပါက မျိုးစေ့ဥပဒေသည် တောင်သူလယ်သမားအကျိုးစီးပွားကို ဗဟိုပြု၍ ရေးဆွဲထားပြီး အပင်မျိုးသစ်ကာကွယ်ရေးဥပဒေသည် စွန့်ဦးတီထွင်မှုပြုလုပ်သည့် သုတေသီပညာရှင်၏ ဉာဏစွမ်းရည်နှင့် ရင်းနှီးမြှုပ်နှံသူ၏ အခွင့်အရေးကို ကာကွယ်ပေးရန် ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ ဤအပင်မျိုးသစ်ကာကွယ်ရေးဥပဒေတွင် တောင်သူလယ်သမားများအတွက် အခွင့်အရေးကိုလည်း ထည့်သွင်းရေးဆွဲထားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်းနှင့် ဤဥပဒေများကို တောင်သူလယ်သမားများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ယခုအခါ အပင်မျိုးမွေးမြူသူများက ၎င်းတို့မွေးမြူ ထုတ်လုပ်ထားသည့် အပင်မျိုးသစ်များကို အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေအောက်တွင် ကာကွယ်ခွင့်ယူရန် လာရောက်လျှောက်ထားလျက်ရှိရာ သီးနှံမျိုးစုံ၏ အပင်မျိုးသစ် ၄၅ မျိုး ရှိနေပြီဖြစ်ကြောင်း၊ ယခုလျှောက်ထားလာသည့် အပင်မျိုးအသစ်များကို ဥပဒေပါ အပင်မျိုးသစ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ နည်းပညာကော်မတီက စိစစ်သုံးသပ်ပြီးဖြစ်၍ အပင်မျိုးသစ်အားကာကွယ်နိုင်ခွင့်အတွက် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေးကို အစည်းအဝေးတက်ရောက်လာသည့် ဗဟိုကော်မတီအဖွဲ့အဝင်များ အားလုံးအနေဖြင့် ဝိုင်းဝန်းဆွေးနွေးသွားကြရန် ပြောကြားသည်။
ထို့နောက် အမျိုးသားအပင်မျိုးသစ်အကာအကွယ်ပေးရေးဆိုင်ရာဗဟိုကော်မတီ အတွင်းရေးမှူး ဒေါက်တာနိုင်ကြည်ဝင်းက အပင်မျိုးမွေးမြူသူ၏ ရပိုင်ခွင့်အခွင့်အရေးရရှိရန် ကာကွယ်ခွင့်လျှောက်ထားလာသည့် အပင်မျိုးသစ်ခြောက်မျိုးနှင့်ပတ်သက်၍ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေး စစ်ဆေးတွေ့ရှိချက်များကို တင်ပြဆွေးနွေးရာ ဗဟိုကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်