နေပြည်တော် မေ ၈
ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် “ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း” သင်ကြားခြင်းကို သက်ဆိုင်ရာမြို့နယ်များတွင် ဧပြီ ၆ ရက်မှ မေ ၁၅ ရက်အထိ တစ်ရက်ပျမ်းမျှသုံးနာရီ၊ နာရီအားဖြင့် ၁၂၀၊ ရက် ၄၀ ကြာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
နေပြည်တော် ပြည်ထောင်စုနယ်မြေ စာတတ်မြောက်ရေးလုပ်ငန်း၏ သင်ကြားနေမှုများကို ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းသည် ဒုတိယညွှန်ကြားရေးမှူးချုပ် (ပညာ) နှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် သပြေစမ်းကျေးရွာ အလက(ခွဲ)တွင် ဖွင့်လှစ်သင်ကြားနေသည့် စာသင်ဝိုင်းသို့လည်းကောင်း၊ ဥတ္တရသီရိမြို့နယ် တောင်ညိုမြို့ အ.ထ.က (တောင်ညို)တွင် ဖွင့်လှစ်သင်ကြားနေသည့် စာသင်ဝိုင်းများသို့လည်းကောင်း သွားရောက်ကြည့်ရှုအားပေးသည်။
ယင်းနောက် စေတနာလုပ်အားပေး နည်းပြ/ ကြီးကြပ်များက ရပ်ရွာအတွင်းရှိ စာရင်းကောက်ယူရရှိထားသူ ဦးတည်အုပ်စုနှင့် ကိုက်ညီသည့် စာသင်သားများကို အခြေခံမြန်မာစာ၊ အခြေခံသင်္ချာဘာသာရပ်များ သင်ကြားနေမှုများနှင့် လူမှုဘဝမြင့်မားရေးဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်နေမှုများကို ကြည့်ရှု၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ မြို့နယ်ပညာရေးမှူးများ၊ စာသင်ဝိုင်းတာဝန်ခံကျောင်းအုပ်ကြီးနှင့် ရပ်မိရပ်ဖများအား သင်ကြားရေးကာလ အဆင်ပြေချောမွေ့ရေးနှင့် ပြီးဆုံးပါက ဆက်လက်လေ့လာရန်များကို ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်