Skip to main content

စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် မေ ၈

စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပသည်။

ဦးစွာ စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက ယနေ့အချိန်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ယိုယွင်းပျက်စီးမှုများ၊ စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကြောင့် ရေ၊ လေ၊ မြေ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဆိုးကျိုးဖြစ်စဉ်သာဓကများသည် အသက်ရှင်ရပ်တည်မှုနှင့် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုများကို ခြိမ်းခြောက်နေသည့် အဓိကရင်ဆိုင်ဖြေရှင်းရမည့် ကိစ္စရပ်များဖြစ်ပါကြောင်း၊ မြို့ပြနှင့် ကျေးလက်ဒေသမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲကြရန်၊ စက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် သယံဇာတတူးဖော်ရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ရေနှင့် ထုတ်လွှတ် အခိုးအငွေ့များကြောင့် လူသားများ၏ ကျန်းမာရေးထိခိုက်မှုမရှိစေရန် သတ်မှတ်ထားသည့် လမ်းညွှန်ချက်များ၊ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ခြင်း ရှိ/ မရှိ စောင့်ကြည့်စစ်ဆေးကြပ်မတ်ရန် လိုအပ်နေပါကြောင်း၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ အတည်ပြုထုတ်ပြန်ပြီးဖြစ်သည့် မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် မြို့နယ်အဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်များကို ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။

စွန့်ပစ်ပစ္စည်းများကို အနီးပတ်ဝန်းကျင်ရှိ မြစ်ချောင်းအင်းအိုင်များ၊ ပင်လယ်သမုဒ္ဒရာများထဲသို့ စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်ပေါ်စေပြီး အမှိုက်များကို စနစ်တကျစွန့်ပစ်နိုင်ရေး စီမံဆောင်ရွက်ပေးနိုင်ရေးသည် အရေးကြီးတာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ရန်အတွက် ရှေ့ဆက်ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြပါရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီဝင်များက လုပ်ငန်းကော်မတီ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်တိုးတက်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် လုပ်ငန်းကော်မတီဝင်များဖြစ်သည့် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကိုယ်စားလှယ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်