Skip to main content

(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၅၆၉ တွဲ ရောင်းချနိုင်ခဲ့

နေပြည်တော် မေ ၈

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၉၅၁)မှ ၁၉၀၀ အထိ ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း ၅၆၉ တွဲရောင်းချခဲ့ရကြောင်း ကြေညာခဲ့သည်။

မွန်းလွဲပိုင်းတွင် ကျောက်စိမ်းအတွဲအမှတ် (၁၉၀၁) မှ (၂၇၅၀) အထိ တင်သွင်းထားသောဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ပြပွဲသတ္တမနေ့တွင် ကြေညာသွားမည်ဖြစ်သည်။

ထို့ပြင် မဏိရတနာကျောက် စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့်လည်း စည်ကားလျက်ရှိသည်။

(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ မေ ၃ ရက် မှ ၁၂ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲဒုတိယနေ့တွင် ပုလဲ အတွဲပေါင်း ၁၈၂ တွဲ၊ တတိယနေ့ တွင် ပုလဲအတွဲပေါင်း ၁၉၇ တွဲ၊ စတုတ္တနေ့တွင် ကျောက်မျက်အတွဲပေါင်း ၈၈ တွဲ၊ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၅၄၆ တွဲနှင့် ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၅၆၉ တွဲတို့ကို ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်