Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေး

နေပြည်တော် မေ ၈

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး၊ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးများ၊ CPU အဖွဲ့ဝင်များနှင့် ဥပဒေအရာရှိများ တက်ရောက်ကြသည်။

မျှတစွာဆောင်ရွက်

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးနှင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကို ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ သိရှိရှောင်ကြဉ်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ၊ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်၊ ကျောသားရင်သား မခွဲခြားဘဲ မျှတစွာဆောင်ရွက်ရန်လိုကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော်တည်ဆောက်ရမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် တားဆီးကာကွယ်ရေးကဏ္ဍအနေဖြင့် အသိပညာပေးရေးလုပ်ငန်းများကို ကဏ္ဍစုံ၊ ထောင့်စုံမှ ကျယ်ပြန့်စွာ ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့်အသိအမြင်များ တိုးပွားလာမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) များ ဖွဲ့စည်းပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရေးအတွက် စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထိရောက်စွာဆောင်ရွက်

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းက အဂတိလိုက်စားမှုများ ဖြစ်ပေါ်ခြင်းကြောင့် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်နစ်နာစေကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူ၍ ဆောင်ရွက်နေကြောင်း၊ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဆိုသည့် နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မရှင်အနေဖြင့် ဖွဲ့စည်းထားသည့် CPU များ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာဆောင်ရွက်နိုင်စေရန် လိုအပ်သည့်နည်းပညာဆိုင်ရာ သင်တန်းများ ပို့ချပေးခြင်းကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အသိပညာပေးသည့်အပေါ် ဝန်ထမ်းများအနေဖြင့် ဗဟုသုတရရှိကာ ရှောင်ရန်၊ ဆောင်ရန် အချက်များရရှိပြီး ထပ်ဆင့်မျှဝေနိုင်လိမ့်မည်ဟုလည်း မျှော်လင့်မိပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် စုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ စုံစမ်းစစ်ဆေးခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ပိုင်ဆိုင်မှုကြေညာလွှာ စိစစ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများနှင့်စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံတကာရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်မြတ်ဆုသင်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဥပဒေရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ခင်ဖြူပွင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း ခေါင်းဆောင်၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်