Skip to main content

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၈၆) ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

ရန်ကုန် မေ ၇

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၈၆) ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းရာ အလှည့်ကျသဘာပတိ ဦးလှမြင့်နှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ (ရေစကြို ဆရာတော်) ထံမှ တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရား နာယူကြသည်။

ယနေ့ကျင်းပသော အလှူငွေပေးအပ်လှူဒါန်းပွဲတွင် မတ် ၁ ရက်မှ ဧပြီ ၃၀ ရက်အထိ ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင် ၄၇ ဦးက သုံးကျပ်သားရွှေပြား ခုနစ်ချပ်နှင့် တစ်ကျပ်သား ရွှေပြား ၅၃ ချပ် စုစုပေါင်းရွှေစင်ရွှေပြားအချပ် ၆၀ လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် ၁၆၃ ဦးအပါအဝင် လှူဒါန်းငွေစုစုပေါင်း ၂၃၁၆၅၀၉၅၅၇ ကျပ် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်