နေပြည်တော် မေ ၇
ကုန်သွယ်ရေးဇုန်/စခန်းများ တည်ဆောက်ရာတွင် နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ တစ်ဖက်နိုင်ငံများကဲ့သို့ နယ်စပ်မျဉ်းအနီး တည်ဆောက်နိုင်ရေးနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်အစီရင်ခံရေးကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပိုင်းသုံးပိုင်း စိစစ်ဖော်ထုတ်ခဲ့
ဦးစွာ လေ့လာသုံးသပ် အစီရင်ခံရေးကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လေ့လာသုံးသပ် အစီရင်ခံရေးကော်မတီအနေဖြင့် လုပ်ငန်းတာဝန် (၄) ရပ်နှင့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အလိုက် လေ့လာသုံးသပ်အစီရင်ခံရေး လုပ်ငန်းကော်မတီအနေဖြင့် လုပ်ငန်းတာဝန် (၆) ရပ်ရှိကြောင်း၊ လေ့လာသုံးသပ်အစီရင်ခံရေးကော်မတီနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လေ့လာသုံးသပ်အစီရင်ခံရေး လုပ်ငန်းကော်မတီများ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၄ ရက်နှင့် ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တို့တွင် ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါအစည်းအဝေးများမှ ဆုံးဖြတ်ချက်များအရ ဆက်လက်ဆောင်ရွက်ခဲ့ရာ ယခုအခါ ပြည်ထောင်စုဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လေ့လာသုံးသပ်အစီရင်ခံရေး လုပ်ငန်းကော်မတီ၏ သဘောထားမှတ်ချက်၊ ကုန်သွယ်ရေးဇုန်/စခန်းများ၏ မြေပြင်အနေအထား၊ နယ်မြေလုံခြုံရေးအခြေအနေ၊ ကုန်သွယ်မှုပမာဏ၊ တိုးချဲ့မြေနေရာ ရရှိနိုင်မှုစသည့်အခြေအနေအရပ်ရပ်အပေါ် ထည့်သွင်းစဉ်းစား၍ ပထမအဆင့်ဦးစားပေး၊ ဒုတိယအဆင့်ဦးစားပေး၊ တတိယအဆင့်ဦးစားပေးဟူ၍ ဦးစားပေးအဆင့်အလိုက် တည်ဆောက်ရမည့် ဇုန်/စခန်းများကို အပိုင်းသုံးပိုင်း စိစစ်ဖော်ထုတ်ခဲ့ပါကြောင်း။
ဝိုင်းဝန်းဆွေးနွေးပေးကြစေလို
ယနေ့အစည်းအဝေးတွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လေ့လာသုံးသပ်အစီရင်ခံရေး လုပ်ငန်းကော်မတီများမှ ဆွေးနွေးတင်ပြချက်များအပေါ် စိစစ်သုံးသပ်ပြီး နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ ကုန်သွယ်ရေးဇုန်/စခန်း တည်ဆောက်နိုင်မည့် အခြေအနေများအား တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီသို့ သုံးသပ်ပြုစုတင်ပြသွားမည်ဖြစ်ကြောင်း၊ လေ့လာသုံးသပ်အစီရင်ခံရေး ကော်မတီဝင်ဌာနဆိုင်ရာအကြီးအကဲများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လေ့လာသုံးသပ်အစီရင်ခံရေး လုပ်ငန်းကော်မတီများအနေဖြင့် ကုန်သွယ်ရေးဇုန်/ စခန်းများအား နယ်စပ်မျဉ်းအနီး အကောင်အထည်ဖော်တည်ဆောက်နိုင်ရေးအတွက် ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ ရင်းနှီးပွင့်လင်းစွာဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက ခြုံငုံသုံးသပ်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်