Skip to main content

သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင်ကုန်စည်များနှင့် အဆိုပါကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မေ ၇

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ နယ်စပ်ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေး စခန်းများ၊ ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက်ရရှိမှုသည် အလွန်အရေးပါလျက်ရှိသည်။

တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း သတင်းရရှိမှု (၅၄) ကြိမ် ရရှိခဲ့ပြီး သတင်းမှား (၁၁) ကြိမ်၊ နောက်ကျသတင်း (၂) ကြိမ်နှင့် ဖမ်းဆီးရမိမှု (၄၁) ကြိမ်ဖြစ်သည်။ ဖမ်းဆီးရမိမှု အမှုတွဲ (၇၅) မှု ဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိမှုများတွင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများဖြစ်သော ကုန်ပစ္စည်း(၃၁)မျိုးအပါအဝင် ခန့်မှန်းတန်ဖိုးငွေကျပ် (၁,၁၃၉ ဒသမ ၀၀၃) သန်းနှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့သည်။

သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း ဖမ်းဆီးရမိမှုတန်ဖိုးငွေကျပ် (၁,၁၃၉ ဒသမ ၀၀၃) သန်း၏ ၂၀ ရာနှုန်းဖြစ်သောငွေကျပ်(၂၂၇ ဒသမ ၈၀၁) သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ ဆုကြေးများနှင့်ပတ်သက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများမှ မြန်မြန်ဆန်ဆန်ချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍လည်း လစဉ်သတင်းထုတ်ပြန်ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှုသတင်းများနှင့်ပတ်သက်၍ လက်ကိုင်ဖုန်း-၀၉၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်းနံပါတ်-၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် antiillegaltradeinfo@gmail. com သို့ သတင်းပေးပို့တိုင်ကြားနိုင်ပါကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)