နေပြည်တော် မေ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၁၆ ကျောင်းတို့တွင် နယ်စပ်ဒေသအပါအဝင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသောဒေသများမှ အမျိုးသမီးငယ်များကို အဆင့်မြင့်စက်ချုပ် ပညာရပ်များ သင်ကြားတတ်မြောက်စေခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး မိသားစုအပိုဝင်ငွေ ရရှိနိုင်စေရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေးနှင့် ကိုယ်ပိုင်စက်ချုပ်ဆိုင်များ ဖွင့်လှစ် လုပ်ကိုင်နိုင်စေရေးရည်ရွယ်၍ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံလက်ရက်ကန်းသင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းတို့ကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်သည်။
ထိုသို့ ဖွင့်လှစ်ရာ၌ ဘားအံမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မုဒုံမြို့အိမ်တွင်းမှုသင်တန်းကျောင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပုသိမ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လားရှိုးမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ ကျိုင်းတုံမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုး၊ မြိုင်ကြီးငူမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်၊ မြိတ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်၊ တာချီလိတ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် အခြေချစစ်ဗျူဟာအဖွဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုး၊ ကွန်ဟိန်းမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် အခြေချစစ်ဗျူဟာအဖွဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်၊ လဟယ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းတို့ တက်ရောက်ဖွင့်လှစ်ပေးပြီး ကျန်သင်တန်းကျောင်းများ၌ နယ်စပ်ရေးရာဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများနှင့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးသည်။
အဆိုပါ သင်တန်းကျောင်း ၁၆ ကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းသူ ၄၅၀၊ ရိုးရာဂျပ်ခုတ်သင်တန်းသူ ငါးဦး၊ အခြေခံလက်ရက်ကန်းသင်တန်းသူ ငါးဦး၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသူ ၄၀၊ သင်တန်းသူစုစုပေါင်း ၅၀၀ တက်ရောက်၍ ၂၀၂၄ ခုနှစ် မေ ၆ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ရက်သတ္တ ၂၂ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများတွင် ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းသူ စုစုပေါင်း ၉၆၃၇၆ ဦး သင်ကြားလေ့ကျင့်မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်