Skip to main content

၂၀၂၄ ခုနစ် ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

နေပြည်တော် မေ ၆

၂၀၂၄ ခုနစ် ကာကွယ်ရေးဦးစီးချုပ် (လေ) တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ငူလေတပ်စခန်းဌာနချုပ်ရှိ တပ်မတော် (လေ) စက်ပစ်ကွင်း၌ ကျင်းပရာ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ် (လေ) ကိုယ်စား ဌာနချုပ်မှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဌာနချုပ်မှူးက မိုးပျံပူဖောင်းအား သေနတ်ဖြင့် ပစ်ဖောက်၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲပထမနေ့ပွဲစဉ်များဖြစ်သည့် ပစ္စတို (အမြန်နှင့် လျှပ်တစ်ပြက်) ပစ်ခတ်စဉ် (အမျိုးသား/အမျိုးသမီး) ပွဲစဉ်၊ ကာဘိုင်ပစ်ခတ်စဉ် (အမျိုးသား/ အမျိုးသမီး)ပွဲစဉ်များကို ကြည့်ရှုအားပေးသည်။

အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကွပ်ကဲမှုအောက်ရှိ လေတပ်စခန်း ဌာနချုပ်များနှင့် လေတပ်စခန်းအသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၄ သင်း ပါဝင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲတွင် ပစ္စတိုပစ်ခတ်စဉ် (အမျိုးသား/ အမျိုးသမီး)၊ ကာဘိုင်ပစ်ခတ်စဉ် (အမျိုးသား/အမျိုးသမီး)၊ ရိုင်ဖယ် ပစ်ခတ်စဉ်(အမျိုးသား) နှင့် စက်သေနတ်ပစ်ခတ်စဉ် (အမျိုးသား) စသည့်ပစ်ခတ်စဉ်များကို မေ ၁၀ ရက်အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်