နေပြည်တော် မေ ၆
တပ်မတော် (ရေ) က ၂၀၂၄ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်စခန်း တန်းခွဲ (၂) ရေကြောင်းလူငယ်စခန်းတွင် အခြေခံရေတပ်သားဘာသာရပ်နှင့် ရေတပ်အချက်ပြ ဆက်သွယ်ရေးဘာသာရပ်ကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ဟိန်းဇဲဒေသရှိ ရေကြောင်းလူငယ်စခန်းတွင် အခြေခံရေတပ်သားဘာသာရပ်ကိုလည်းကောင်း၊ မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်းတွင် ရေကြောင်းလမ်းညွှန်ဘာသာရပ်ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းယားရေကြောင်းလူငယ်စခန်းတွင် ရေကူးဘာသာရပ်ကိုလည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရေကြောင်းလူငယ်စခန်းတွင် လှေလှော်ရွက်တိုက်ဘာသာရပ်ကိုလည်းကောင်း တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
အလားတူ တပ်မတော် (လေ) က ၂၀၂၄ အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်များကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့တွင် အခြေခံစစ်ရေးပြဘာသာရပ်၊ လေကြောင်းပညာသမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှုအခြေခံသဘောတရားဘာသာရပ်၊ လေကြောင်းဆိုင်ရာအခြေခံဗဟုသုတများဘာသာရပ်၊ Airfield Procedure ဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေး၊ ဇာတိမာန်ဘာသာရပ်၊ RC လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်ခြင်းဘာသာရပ်နှင့် RC/ Flight Simulator မောင်းနှင်ခြင်း ဘာသာရပ်များအပြင် တပ်မတော် (လေ) ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို သိရှိနားလည်စေရန် ပျံသန်းရေးအုပ်များနှင့် ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံများတွင် လက်တွေ့ကွင်းဆင်းလေ့လာခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းများ လေ့ကျင့်သင်ကြားပို့ချနေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်