တိုင်းရင်းသားပြည်သူများ မမျှော်လင့်ဘဲ ကြုံတွေ့နိုင်သော သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို အလျင်အမြန် ကာကွယ်ဆောင်ရွက်ပေးသော အဖွဲ့အစည်းတစ်ခုမှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဖြစ်သည်။ အထူးသဖြင့် မြို့ရွာများ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် ဘေးအန္တရာယ်တစ်မျိုးမျိုးကြောင့် အန္တရာယ်ကြုံတွေ့ရသည့် ပြည်သူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး ရည်မှန်းချက်တာဝန် (၄) ရပ်နှင့်အညီ အမျိုးသားရေးစိတ်ဓာတ်နှင့် စေတနာ့ဝန်ထမ်းစိတ်ဓာတ်များဖြင့် အန္တရာယ်များသည့် စွန့်လွှတ်မှုများ၊ စွန့်စားမှုများနှင့် အသက်နှင့် ခန္ဓာကိုယ်ကို ပေးဆပ်ပြီး လုပ်ကိုင်ကြသူများဖြစ်၍ မွန်မြတ်သော ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်သည်။ ခေတ်အဆက်ဆက်၌ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးအတွက် အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားဆောင်ရွက်သောကြောင့် လေးစားဂုဏ်ပြုကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် မီးလောင်မှုများ နှစ်စဉ်ဖြစ်ပွားလျက်ရှိရာ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်း မီးလောင်မှုအကြိမ်ပေါင်း ၁၈၀၀၀ ခန့်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ကျပ် ၁၈၇ ဘီလီယံကျော်ဖိုးခန့်ရှိသည်။ တစ်နိုင်ငံလုံး ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် မီးလောင်မှုအကြိမ်ရေ ၁၈၀၀ ခန့် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုအနေဖြင့် နှစ်စဉ်ကျပ် ၁၈ ဘီလီယံကျော်ရှိသည်ဟု သိရသည်။ ရာသီဥတုပြောင်းလဲမှု၊ လူဦးရေ နှစ်စဉ်တိုးပွားလာမှု၊ စက်မှု၊ နည်းပညာ၊ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ မီးလောင်မှုဖြစ်စဉ်များ အကြိမ်ရေများလာသည်ကို တွေ့ရမည်ဖြစ်သည်။
ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း မီးလောင်မှုအကြိမ်ရေနှင့် မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့ကျစေရန်အတွက် မီးသတ်တပ်ဖွဲ့အား အဆင့်မြှင့်တင်ပြီး စွမ်းဆောင်ရည်မြင့်မားတိုးတက်စေရန်နှင့် ပြည်သူလူထုအတွင်း မီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာဗဟုသုတများ စိမ့်ဝင်ပျံ့နှံ့အောင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် အဓိကတာဝန်ဖြစ်သည့် မီးငြှိမ်းသတ်ရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသာမက ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ ဓာတုဇီဝပစ္စည်းအန္တရာယ်ဘေးစသည့်ဘေးတို့မှ လွတ်ကင်းရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။
သာဓကအားဖြင့် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် အဖျက် စွမ်းအားကြီးမားသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများတွင် ပြည်သူများအား ဘေးလွတ်ရာသို့ အချိန်မီရွှေ့ပြောင်းပေးမှုနှင့် ကြိုတင်ကာကွယ်မှုများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအလိုက် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းပရဟိတအဖွဲ့များနှင့်အတူ ဆောလျင်ထိရောက်စွာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ခဲ့သောကြောင့် လူအသေအပျောက်နှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ အနည်းဆုံးအခြေအနေရောက်အောင် လျှော့ချနိုင်ခဲ့သည်ကို တွေ့ရသည်။
မီးသတ်တပ်ဖွဲ့ဝင်များသည် အဆိုပါလုပ်ငန်းများအပြင် နိုင်ငံတကာစွမ်းရည်ပြိုင်ပွဲများ၌ နိုင်ငံ့ဂုဏ်မြင့်မားအောင် စွမ်းဆောင်နိုင်ခဲ့ကြသဖြင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို ဂုဏ်ယူအသိအမှတ်ပြုရမည်ဖြစ်သည်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး ရည်မှန်းချက်တာဝန် (၄) ရပ်ကို အောင်မြင်အောင် အလေးထားအကောင်အထည်ဖော်ရေး၊ ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ကြကာ မီးသတ်တပ်ဖွဲ့၏ဂုဏ်ကို မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် နိုင်ငံတကာတွင် ပြောင်းလဲတိုးတက်နေသည့် မီးသတ်လုပ်ငန်းနည်းပညာများကို မျက်ခြည်မပြတ် လေ့လာဆည်းပူးပြီး လေ့ကျင့်မှုနှင့် အရည်အချင်းပြည့်ဝအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အထူးသဖြင့် နိုင်ငံသူ နိုင်ငံသားများအတွက် မီးဘေးလုံခြုံရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဖြင့် အလုပ်အကျွေးပြုရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အတိုင်း စိတ်ကောင်းစေတနာအပြည့်ဖြင့် ထိထိရောက်ရောက် လိုအပ်ချက်မရှိအောင် စွမ်းဆောင်ကြရန်နှင့် အထူးသဖြင့် မီးသတ်သမားများသည် ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေသူတိုင်းကို မိမိတို့အသက်နှင့် ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင်ဆောင်ရွက်ရခြင်းကြောင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်စွန့်စားသွားကြသည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ဂုဏ်ဒြပ်ကို လေးစားဂုဏ်ယူပြီး နောင်နှစ်ပေါင်းများစွာ မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ချမ်းသာကို စောင့်ရှောက်ကာကွယ်နိုင်သည့် တပ်ဖွဲ့ကြီးအဖြစ် အဓွန့်ရှည်အောင် ကြိုးစားတည်ဆောက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။