Skip to main content

မီးသတ်လုပ်ငန်းသည် အန္တရာယ်များသည့်အတွက် စွန့်လွှတ်မှုများ၊ စွန့်စားမှုများနှင့် အသက်နှင့်ခန္ဓာကို ပေးဆပ်ပြီး လုပ်ရသည့်လုပ်ငန်းဖြစ်

နေပြည်တော် မေ ၅

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC – II) ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အရာရှိများနှင့် တပ်ဖွဲ့ဝင်များ၊ အငြိမ်းစားမီးသတ်တပ်ဖွဲ့ဝင်အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သန္ဓေ၊ အရန်၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ၏ ကိုယ်စားလှယ်များ၊ ထူးချွန်ဆုရရှိကြသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်သည်။

ထို့နောက် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့အထိမ်းအမှတ် မှတ်တမ်း Video Clip ကို ပြသသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားရာတွင် ယနေ့သည် တိုင်းရင်းသားမိဘပြည်သူများ၏ အသက်အိုးအိမ်ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်အမျိုးမျိုးမှ ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ်အစဉ်အလာကြီးမားစွာ ရပ်တည်လာခဲ့သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏(၇၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏သမိုင်းကို ပြန်ကြည့်ရမည်ဆိုပါက ပုဂံထီးနန်းကို တည်ထောင်ခဲ့သည့် အနော်ရထာမင်းစောလက်ထက် ခရစ်နှစ်(၁၀၄၄) ခုနှစ် ကတည်းက မီးသတ်တပ်ဖွဲ့များ ဖွဲ့စည်းလာခဲ့သည်ကို တွေ့ရပါကြောင်း၊ ပုဂံခေတ်မှစ၍ ကုန်းဘောင်ခေတ်အထိ ခေတ်အဆက်ဆက်တွင်လည်း နိုင်ငံတော်ကို မီးဘေးမသင့်စေရန် မီးသတ်လုပ်ငန်းများကို စနစ်တကျ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ မီးသတ်တပ်ဖွဲ့သမိုင်းသည် နှစ်ပေါင်း ၁၀၀၀ နီးပါးရှိခဲ့သည်ကို ဂုဏ်ယူဖွယ်ရာ တွေ့ရမည်ဖြစ်ကြောင်း။

ကိုလိုနီခေတ်တွင် အင်္ဂလိပ်နယ်ချဲ့တို့သည် သူတို့၏ကိုယ်ကျိုးစီးပွားကို ကာကွယ်ရန်အတွက်သာ မြူနီစီပယ်မီးသတ်တပ်ဖွဲ့များ ဖွဲ့စည်းခဲ့ကြကြောင်း၊ ထို့ကြောင့် မျိုးချစ်လူငယ်များသည် မိမိတို့၏ ရပ်ရွာဒေသကို မီးဘေးအန္တရာယ်ကကာကွယ်နိုင်ရန် အမျိုးသားရေးစိတ်ဓာတ်နှင့် အပျော်တမ်းမီးသတ်အဖွဲ့များကိုဖွဲ့စည်းပြီး ကာကွယ်ခဲ့ကြကြောင်း၊ ၁၉၀၀ ပြည့်နှစ် နှောင်းပိုင်းကစပြီး စေတနာ့ဝန်ထမ်း အပျော်တမ်းမီးသတ်တပ်ဖွဲ့များကို တစ်နိုင်ငံလုံးမြို့နယ်အလိုက် ဖွဲ့စည်းခဲ့ကြကြောင်း။

ယနေ့ဆိုလျှင် (၇၈) နှစ်တိုင်ခဲ့ပြီဖြစ်

၁၉၄၆ ခုနှစ် မေ ၅ ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ ကန်တော်ကလေးတွင်ရှိသည့် အမျိုးသမီးကျောင်း၌ မြန်မာတစ်ပြည်လုံးတွင်ရှိသည့် မီးသတ်အဖွဲ့အစည်းများ၏ ပထမအကြိမ် စေတနာ့ဝန်ထမ်း မီးသတ်အစည်းအရုံးညီလာခံကို ကျင်းပနိုင်ခဲ့ပြီး ယင်းညီလာခံကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ ထိုသို့မြန်မာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးညီလာခံ ကျင်းပခဲ့သည့် မေ ၅ ရက်နေ့ကို အစွဲပြုပြီး “မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့” အဖြစ် ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် (၇၈) နှစ်တိုင်ခဲ့ပြီ ဖြစ်ကြောင်း။

အလေးထားဆောင်ရွက်ကြရမည်

မီးသတ်တပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုများနှင့်အညီ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်(၄)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် ကြိုတင်စီမံမှု၊အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ပြန်လည်သုံးသပ်မှုဆိုသည့် အရေးကြီးသည့်ကဏ္ဍများကို မဟာဗျူဟာကျကျနှင့် အလေးထားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

မြန်မာနိုင်ငံတွင် နှစ်စဉ်မီးလောင်မှုများ ဖြစ်ပွားလျက်ရှိရာ ၂၀၁၄ ခုနှစ် မှ ၂၀၂၃ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်း မီးလောင်မှုအကြိမ်ပေါင်း ၁၈၀၀၀ ခန့်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၈၇ ဘီလီယံကျော်ခန့်ရှိကြောင်း၊ နိုင်ငံတစ်ဝန်းလုံး ပျမ်းမျှအားဖြင့် တစ်နှစ်တွင် အကြိမ်ရေ ၁၈၀၀ ခန့်ဖြစ်ပွားခဲ့ပြီးဆုံးရှုံးမှုအနေဖြင့် နှစ်စဉ် ၁၈ ဘီလီယံကျော်ဆုံးရှုံးနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊၊

ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့်အတူ နိုင်ငံအလိုက် လူဦးရေတိုးပွားလာမှုများနှင့် စက်မှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မီးလောင်မှုဖြစ်စဉ်များ များလာသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် နှစ်စဉ်မီးလောင်မှုအကြိမ်ရေနှင့် မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများ လျော့ကျစေရေးအတွက် ပြည်သူလူထုအတွင်း မီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာများ စိမ့်ဝင်ပျံ့နှံ့နေအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ပိုမိုကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် လုပ်ဆောင်

ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ လှုံ့ဆော်ပညာပေးမှုအစီအစဉ်များ ထုတ်လွှင့်ပေးခြင်း၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့တွင် ထည့်သွင်းဖော်ပြခြင်း၊ ပညာပေးစာစောင်များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ မြို့ပေါ်ရပ်ကွက်များသာမက ကျေးလက်ဒေသအထိ ကွင်းဆင်းပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မဖြစ်မနေလိုက်နာဆောင်ရွက် ရမည့်အချက်များ စသည်များကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် လုပ်ဆောင်ပေးကြရန်လိုကြောင်း။

မီးသတ်တပ်ဖွဲ့အနေဖြင့် မီးလောင်မှုနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို မီးသတ်ဦးစီးဌာန၏ Website စာမျက်နှာမှတစ်ဆင့် Live ထုတ်လွှင့်ပြသခြင်း၊ Update သတင်းများ တင်ပြထုတ်လွှင့်ပေးခြင်းများသည်လည်း ထိရောက်သည့် အသိပညာပေးပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ဖြစ်သည့်အတွက် ဆက်လက်ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း ပြည်သူများ အနေဖြင့်လည်း မီးဘေးအန္တရာယ်က ကင်းဝေးအောင် အသိ၊ သတိနှင့် မပေါ့မဆကြဘဲ ကြိုတင်ကာကွယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

မီးသတ်လုပ်ငန်းသည် အန္တရာယ်များသည့်အတွက် စွန့်လွှတ်မှုများ၊ စွန့်စားမှုများနှင့် အသက်နှင့်ခန္ဓာကို ပေးဆပ်ပြီး လုပ်ရသည့်လုပ်ငန်းဖြစ်ကြောင်း၊ ပေးဆပ်မှုအနည်းဆုံးဖြစ်ရန် မိမိအလုပ်ကို ကျွမ်းကျင်မှုရှိရန်လိုပြီး ကျွမ်းကျင်အောင်လည်း အကြိမ်ကြိမ်လေ့ကျင့်နေရန်လိုအပ်ကြောင်း၊ လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှအောင်ပွဲဆင်နိုင်မည်ဖြစ်၍ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် လေ့ကျင့်ရေး လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်လိုကြောင်း။

လေးစားဂုဏ်ယူဖွယ်ရာဖြစ်

ခေတ်အဆက်ဆက်တွင် မီးသတ်တပ်ဖွဲ့အနေဖြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထုအကျိုးအတွက် အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားမှုများနှင့် အကျိုးပြုနေခြင်းသည် လေးစားဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ ထိုကဲ့သို့ စွန့်လွှတ်စွန့်စားပြီး စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း နိုင်ငံတော်က စွမ်းရည်သတ္တိဆိုင်ရာနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ပေးအပ်လျက်ရှိကြောင်း။

ထိုသို့ ချီးမြှင့်ပေးခဲ့ရာတွင် ၁၉၅၂ ခုနှစ်မှ ယနေ့အထိ စွမ်းရည်သတ္တိဆိုင်ရာနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် စုစုပေါင်း ၃၅၈ ဦးကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ စွမ်းရည်သတ္တိဆိုင်ရာနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် လက်မှတ်များမရရှိခဲ့သော်လည်း ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် စွန့်လွှတ်မှုပေါင်းများစွာဖြင့် ဆောင်ရွက်ခဲ့ကြသည့် သန္ဓေ၊ အရန်နှင့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း တန်ဖိုးထားချီးကျူး ဂုဏ်ပြုပါကြောင်း။

ပြည်သူကိုအလုပ်အကျွေးပြုနေရန်အထူးလိုအပ်

စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်မှု၊ အမိန့်နာခံတတ်မှုတို့နှင့် တည်ဆောက်ထားသည့် မီးသတ်တပ်ဖွဲ့သည် ပြည်သူကိုအလုပ်အကျွေးပြုနိုင်ပြီး ပြည်သူလူထုက ချစ်ခင်လေးစားအားကိုးယုံကြည်ရသည့် တပ်ဖွဲ့တစ်ခု ထာဝရဖြစ်နေစေရေးအတွက် တပ်ဖွဲ့ဝင်တိုင်းက မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ပြည်သူကို အလုပ်အကျွေးပြုနေရန် အထူးလိုအပ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်ပြီး အမျိုးသားနိုင်ငံရေးကို ရှေးရှုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များအားလုံးသည် ပြည်သူ့အကျိုး၊ ပြည်သူ့အရေးကိစ္စပင်ဖြစ်ကြောင်း၊ ပြည်သူ့အကျိုး၊ ပြည်သူ့အရေးကိစ္စသည် တစ်မျိုးသားလုံး၏ အရေးကိစ္စဖြစ်ပြီး နိုင်ငံတော်၏ အရေးကိစ္စပင်ဖြစ်သည်ကို နားလည်သဘောပေါက်ကြရန် လိုအပ်သည်ကို မှာကြားလိုကြောင်း။

မိမိတို့အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ရည်မှန်းချက်အောင်မြင်အောင် ဆောင်ရွက်နေသည့် ယခုလိုအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ကို အပြည့်အဝအောင်မြင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ဦးလည်မသုန် အလေးအနက်ထားပြီး တာဝန်သိသိ၊ သစ္စာရှိရှိ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း။

တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာ

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် သဘာဝဘေးအန္တရာယ်များ နှစ်စဉ်ကြုံတွေ့ရလျက်ရှိပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု ပမာဏလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာ လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် ပထဝီဝင်အနေအထားအရ ဒေသအလိုက် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး အစရှိသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နိုင်သည့်အပြင် အခြားသော ဓာတု၊ ဇီဝ၊ ရေဒီယိုသတ္တိကြွပစ္စည်းများ၏ အန္တရာယ်များလည်း ဖြစ်ပွားလာနိုင်သည်ကို တွေ့ကြရမည်ဖြစ်ကြောင်း။

သာဓကအနေဖြင့် ၂၀၂၃ ခုနှစ် မေ ၁၄ ရက်တွင် ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏ အဖျက်စွမ်းအားကြီးမားမှုကို အားလုံးအသိပင်ဖြစ်ကြောင်း၊ “မိုခါ” မုန်တိုင်းကြောင့် ပြိုကျပျက်စီးနိုင်သည့် နေရာဒေသများက ပြည်သူများကို တပ်မတော်၏ဦးဆောင်မှုနှင့်အတူ ဘေးလွတ်ရာကို အချိန်မီရွှေ့ပြောင်းပေးခြင်းနှင့် ကြိုတင်ကာကွယ်မှုများကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအလိုက် နိုင်ငံ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များနှင့်အတူ ဆောလျင်ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ထိခိုက်ပျက်စီးမှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း။

မုန်တိုင်းတိုက်ခတ်အပြီးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်အရ မီးသတ်တပ်ဖွဲ့အနေဖြင့် အထူးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ နေပြည်တော်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရန်ကုန်၊ ရှမ်းနှင့် ဧရာဝတီတို့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် အင်အားစုစုပေါင်း ၅၄၉ ဦး အမြန်ဆုံးစေလွှတ်ပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းကျွမ်းကျင်မှု၊ စက်ပစ္စည်းကိရိယာများ၏ စွမ်းအားများနှင့်အချိုးကျပေါင်းစပ်ပြီး ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးခဲ့ကြသည့်အတွက် ဒေသခံပြည်သူများ၏ အားကိုးယုံကြည်မှုကို ရရှိစေခဲ့သည့် ဂုဏ်ယူဖွယ်ရာ လုပ်ဆောင်ချက်များဖြစ်သည်ကို ဂုဏ်ပြုပြောကြားလိုကြောင်း။

ဖြစ်ပေါ်ပြောင်းလဲလာသည့်ဘေးအန္တရာယ်များ၏စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်၊ နိုင်ငံတကာမီးသတ်တပ်ဖွဲ့များနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ရန်၊ အနာဂတ်ကာလကိုမျှော်မှန်းပြီး အသွင်သဏ္ဌာန်သာမက အနှစ်သာရပိုင်းပါ ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို Men Power, Equipment Power, Technological Power များနှင့် ဟန်ချက်ညီအောင် တည်ဆောက်ကြရမည် ဖြစ်ကြောင်း။

အစဉ်အလာကောင်းများကိုဆက်လက်ထိန်းသိမ်း

နိုင်ငံတကာအဆင့်အောင်မြင်မှုများကို ဆန်းစစ်ကြည့်မည်ဆိုပါက ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း စင်ကာပူနိုင်ငံ စင်ကာပူမြို့ပြကာကွယ်ရေးတပ်ဖွဲ့၏ Singapore Civil Defence Force-SCDF Ready Week 2023 တွင် ကျင်းပခဲ့သည့် နိုင်ငံတကာမီးသတ် စွမ်းရည်ပြိုင်ပွဲ၌ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ အသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အဖွဲ့လိုက် အသက်ကယ်စွမ်းရည်ပြိုင်ပွဲတွင် ပထမဆုနှင့် နိုင်ငံတကာမှမီးသတ်သမား ၂၆ ဦး ပါဝင်ယှဉ်ပြိုင်သည့် တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲ Braveheart (Individual)တွင် တတိယဆုများ ဆွတ်ခူးခဲ့ကြောင်းကို ဂုဏ်ယူဖွယ်တွေ့ရှိရကြောင်း၊ ထိုသို့ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ခြင်းသည် မီးသတ်တပ်ဖွဲ့အတွက် သမိုင်းမှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကြရန် မှာကြားလိုကြောင်း။

မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ခေတ်စနစ်နှင့်အညီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် ကြိုးပမ်းလေ့လာဆောင်ရွက်ထားကြရန်လိုအပ်သကဲ့သို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန်အဆင့်မြင့်ရှာဖွေ ကယ်ဆယ်ရေးနည်းပညာပိုင်းများနှင့် ဆောင်ရွက်နိုင်ရန် မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Urban Search and Rescue Team) များကို ဒေသအလိုက် စုဖွဲ့လေ့ကျင့်ပြီး အသင့်ဆောင်ရွက်ထားရန်လည်း မှာကြားလိုကြောင်း။          

မီးသတ်တပ်ဖွဲ့၏ သမိုင်းအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းပြီး ရည်မှန်းချက်တာဝန် (၄) ရပ်ကို အောင်မြင်အောင် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်၊ ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ကို မီးဘေးနှင့်သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကာ မီးသတ်တပ်ဖွဲ့၏ဂုဏ်ကို မြှင့်တင်ဆောင်ရွက်ကြရန်၊ နိုင်ငံတကာတွင် ပြောင်းလဲတိုးတက်နေသည့် မီးသတ်လုပ်ငန်းနည်းပညာများကို မျက်ခြည်မပြတ် လေ့လာဆည်းပူးပြီး လေ့ကျင့်မှုဖြင့် အရည်အချင်းပြည့်ဝအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ မိမိတို့ နိုင်ငံသားများကို မီးဘေးလုံခြုံရေးလုပ်ငန်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် အလုပ်အကျွေးပြုရာတွင် စိတ်ကောင်းစေတနာအပြည့်ဖြင့် ထိထိရောက်ရောက် လိုအပ်ချက်မရှိအောင် စွမ်းဆောင်ကြရန်နှင့် အထူးသဖြင့် မီးသတ်သမားများသည် ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေသူတိုင်းကို မိမိတို့ အသက်နှင့်ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင်ဆောင်ရွက်ရခြင်းကြောင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်စွန့်စားသွားကြသည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ဂုဏ်ဒြပ်ကိုလေးစားဂုဏ်ယူပြီး နောင်နှစ်ပေါင်းများစွာ မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ချမ်းသာကို စောင့်ရှောက်ကာကွယ်နိုင်သည့် တပ်ဖွဲ့ကြီးအဖြစ် အဓွန့်ရှည်အောင် ကြိုးစားတည်ဆောက် သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က “မီးသတိပြု” ဂန္ထဝင်တေးသီချင်းသီဆိုသူ နိုင်ငံကျော်တေးသံရှင် ဦးထွန်းရွှေ၊ အသက် ၉၀ နှစ်နှင့်အထက် တာဝန်ထမ်းဆောင်လျက်ရှိသော မီးသတ်လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အရန်မီးသတ်တပ်ရင်းမှ အရန်မီးသတ် ဒုတိယတပ်ရင်းမှူး ဦးချစ်လှိုင်နှင့် စစ်မှုထမ်း(အငြိမ်း စား)၊ မီးသတ်ဝန်ထမ်း(အငြိမ်းစား) တပ်ကြပ်ကြီးဦးထွန်းကြည် တို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံအတွင်း မီးဘေးလုံခြုံရေး လုပ်ငန်းများအားသက်တမ်းအကြာဆုံး စေတနာ့ဝန်ထမ်းဆောင်ရွက်ခဲ့သည့် အရန်မီးသတ်စခန်း (၃) ခုတို့မှ တာဝန်ရှိသူတို့ကိုလည်းကောင်း ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုဒိုင်းဆုတို့ကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ထံသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက Singapore Global Firefighters & Paramedics Challenge Braveheart တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော တပ်ဖွဲ့ဝင်တစ်ဦး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)နှင့် (အထက်မြန်မာပြည်)တို့တွင် စံပြဆုရရှိခဲ့သော သင်တန်းသူနှစ်ဦး၊ စွမ်းဆောင်မှုဆိုင်ရာ ဆုတံဆိပ်ရရှိသူတစ်ဦးနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တွင် လုပ်သက် ၃၇ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သွေးလှူဒါန်းမှု အကြိမ်ရေ ၁၂၅ ကြိမ်ဖြင့် လူမှုထူးချွန် ပထမအဆင့်၊ ဒုတိယ အဆင့်၊ တတိယအဆင့် ဆုတံဆိပ်များ ရရှိခဲ့သည့် လက်ထောက်မီးသတ်ဦးစီးမှူး(ငြိမ်း) ဦးမျိုးမင်းတို့ကို ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ခေတ်မီမီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများနှင့် ခန်းမအရှေ့တွင် ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် မီးသတ်ယာဉ်များအား လိုက်လံကြည့်ရှုအားပေးသည်။

ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-II) ၌ ပြုလုပ်သည့် (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုညစာစားပွဲသို့ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့်အတူ တက်ရောက်သည်။

သီဆိုကပြဖျော်ဖြေတင်ဆက်

ဦးစွာ မီးသတ်တပ်ဖွဲ့ဝင်များက “မွန်မြတ်စိတ်ထားမီးသတ်သမား” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အမှတ်တရကိတ်ကိုခွဲကြသည်။ ယင်းနောက် ဂုဏ်ပြုညစာသုံးဆောင်နေစဉ်အတွင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ပြည်တော်အေးငြိမ်း မင်္ဂလာဆိုင်းနှင့် ခေတ်ပေါ်တေးဂီတအဖွဲ့တို့၏ တီးခတ်မှုနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အနုပညာရှင်များက တေးသံသာများ၊ အကအလှများ၊ တေးသရုပ်ဖော်များဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြသည်။

ညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က သီဆိုကပြဖျော်ဖြေခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အနုပညာရှင်များကို ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့ပြင် အဆိုပါဂုဏ်ပြုညစာစားပွဲတွင် ၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်သော(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ဂုဏ်ပြုချီးမြှင့် ငွေကျပ်သိန်း ၅၀ ကိုလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက MRTV DTH စလောင်းအစုံ ၂၀ နှင့် DVB T2 Set Top Box အစုံ ၁၀၀ ကိုလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက Solar Watt (50) လျှပ်စစ် မီးစက်အစုံ ၁၀၀ ကိုလည်းကောင်း ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်