နေပြည်တော် မေ ၅
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ချောင်းတော်ဝကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၄ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါမီးရှို့မှုကြောင့် နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့သည်ဟု တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်မှာ PDF အမည်ခံအကြမ်းဖက်သမားများကို အားပေးထောက်ခံခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို လက်ခံခြင်းမရှိသည့် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ မတ္တရာမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိရာ၊ မေလ ၄ ရက်နေ့တွင် ချောင်းတော်ဝကျေးရွာအနီး ရောက်ရှိနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကျေးရွာစာသင်ကျောင်းအတွင်းမှ အကာအကွယ်ယူ၍ အကြမ်းဖက်သမားများက စတင်ပစ်ခတ်ခဲ့ကြောင်း၊ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများက ကျေးရွာအတွင်းမှ ထွက်ပြေးသွားခဲ့ရာ ၎င်းတို့ထွက်ပြေးရာ လမ်းတစ်လျှောက်ရှိ နေအိမ်များကို မီးရှို့ထွက်ပြေးသွားခဲ့သည့်အတွက် နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်းနှင့် အဆိုပါစာသင်ကျောင်းအတွင်းမှ လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
PDF အမည်ခံအကြမ်းဖက်သမားများသည် မြို့ရွာများ တည်ငြိမ်အေးချမ်းမှုမရှိစေရန်နှင့် အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်အတွက် ပြည်သူများနေထိုင်ရာ မြို့၊ ရွာများကို ယခုကဲ့သို့ မီးရှို့ဖျက်ဆီးပြီး လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချကာ ပြည်သူများအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။