Skip to main content

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်စေရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အတွေ့အကြုံမျှဝေခြင်းဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ အသိပညာမျှဝေဆွေးနွေးပွဲကျင်းပ

နေပြည်တော် မေ ၃

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) အမှတ်စဉ် (၅၄) အဖြစ် တရုတ်နိုင်ငံ ပေကျင်းမြို့ Academy for International Business Officials (AIBO) တွင် ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်စေရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အတွေ့အကြုံမျှဝေခြင်းဆိုင်ရာ ဆွေးနွေးပွဲ” ကို ယနေ့မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကားပြောကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အသိပညာ မျှဝေဆွေးနွေးပွဲများ ဆောင်ရွက်ရာတွင် မိမိတို့သင်ကြား လေ့လာမှတ်သားခဲ့ရသည့်၊ ကိုယ်တိုင်ဆောင်ရွက်ခဲ့ရသည့် အသိပညာ၊ ဗဟုသုတများကို ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးမည့် အကြောင်းအရာသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်စေရေးအတွက် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတွေ့အကြုံများ မျှဝေခြင်းဖြစ်ကြောင်း၊ ယနေ့အချိန်တွင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်၌ ICT နည်းပညာနှင့် ဉာဏ်ရည်တု (Artificial Intelligence AI) နည်းပညာတို့တွင် ထိပ်တန်းနိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) သည်လည်း ကမ္ဘာ့ဒုတိယအများဆုံး နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများကိုပါ ရင်းနှီးမြှုပ်နှံမှုများကို အများဆုံးဖိတ်ခေါ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုမှာ အဓိကအရေးကြီးပါကြောင်း၊ ယနေ့ဆွေးနွေးပွဲသည် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အသေးစိတ် တင်ပြဆွေးနွေးသွားမည်ဖြစ်သဖြင့် တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ရှင်းလင်းဆွေးနွေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးမြသီတာက မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများ၊ တရုတ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ ဆောင်ရွက်မှု အတွေ့အကြုံများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေနွေး ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူဗဟိုပြုသည့် နည်းလမ်းဖြင့် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းများက သိရှိလိုသည်များကို ဝိုင်းဝန်းမေးမြန်း ဆွေးနွေးခဲ့ကြသည်။

တက်ရောက်

အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများက Online ဖြင့် တက်ရောက်ကြသည်။

သတင်းစဉ်