နေပြည်တော် မေ ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ ပြည်ပအစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းအတွေ့အကြုံများ ပြန်လည်ရှင်းလင်းပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးပညာရှင်များအနေဖြင့် ပညာရပ်အသီးသီး၏ အတွေ့အကြုံနှင့် ပညာရပ်ဗဟုသုတများ ပြန်လည်မျှဝေခြင်းဖြင့် မိမိတို့ကိုယ်တိုင်သာမက လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက် အထောက်အကူပြုနိုင်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဗဟုသုတများပြန့်ပွားစေခြင်းနှင့် နည်းပညာအသစ်များအား မျှဝေအသုံးပြုနိုင်စေရေးဆောင်ရွက်ခြင်းဖြင့် လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုပိုမိုအားကောင်းလာစေရေး ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါအတွေ့အကြုံရှင်းလင်းပွဲတွင် ဗီယက်နမ်နိုင်ငံ၌ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှ ၂၃ ရက် အထိကျင်းပခဲ့သည့် နည်းပညာဖလှယ်ရေးညီလာခံနှင့် အာဖရိကဝက်တုပ်ကွေး ကာကွယ်ဆေး မိတ်ဆက်ခြင်း တိုက်ရိုက်ထုတ်လွှင့်ပွဲအခမ်းအနား၊ အိန္ဒိယသမ္မတနိုင်ငံ ကော်လ်ကတ္တားမြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက် မှ ၁၉ ရက်အထိ ဖွင့်လှစ်ခဲ့သည့် ရေရှည်တည်တံ့သောရေလုပ်ငန်းနှင့် မွေးမြူရေးဆိုင်ရာသင်တန်း၊ ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ် မတ် ၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သည့် အရှေ့တောင်အာရှဒေသတွင် တရားမဝင်ငါးဖမ်းဆီးမှု တိုက်ဖျက်နိုင်ရန်အတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးနှင့် နိုင်ငံအဆင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ စီမံကိန်းအပြီးသတ်အလုပ်ရုံ ဆွေးနွေးပွဲနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၁ ရက်မှ ၃၁ ရက်အထိ ကျင်းပခဲ့သည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးထွက်ကုန်များ ထုတ်လုပ်မှုနည်းပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲအတွေ့အကြုံများကို သက်ဆိုင်ရာကဏ္ဍအလိုက် ကိုယ်စားလှယ်များနှင့် ပညာတော်သင်အမှုထမ်း၊ အရာထမ်းများက ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးသုံးသပ်ခဲ့ကြပြီး ဒုတိယဝန်ကြီးက လယ်ယာကဏ္ဍဖွံ့ဖြိုးရေး၊ တောင်သူများ၏ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် မိမိနိုင်ငံနှင့်လိုက်လျောညီထွေမည့် နည်းပညာများကို တောင်သူများထံသို့ ပြန်လည်ဆင့်ပွားပညာပေးရန် ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်