Skip to main content

၂၀၂၄ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ် အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

နေပြည်တော် ဧပြီ ၂၉

ကျောင်းသား ကျောင်းသူမျိုးဆက်သစ်လူငယ် မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်း ပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်း လူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေး လျက်ရှိသည်။

ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော် စခန်းတန်းခွဲ(၁) ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၅၉ ဦး၊ နေပြည်တော်စခန်းတန်းခွဲ(၂) ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်း သူ ၁၂၂ ဦး၊ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းယားရေကြောင်းလူငယ်စခန်းမှ သင်တန်းသားသင်တန်း သူ ၉၇ ဦး၊ ကိုကိုးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၄၃ ဦး၊ ဧရာဝတီတိုင်း ဒေသကြီး ဟိုင်းကြီးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၁၅၅ ဦး၊ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၇၀၊ တနင်္သာရီ တိုင်းဒေသကြီး ဟိန်းဇဲဒေသရှိ ရေကြောင်းလူငယ် စခန်းမှသင်တန်းသား သင်တန်းသူ ၆၀၊ မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၅၄ ဦး၊ ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၅၂ ဦး၊ မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ရှိရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၆၁ ဦးနှင့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၄၅ ဦးတို့ကို တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ တပ်မတော်(ရေ)ရေကြောင်း လူငယ်သင်တန်းစခန်း ၁၀ ခုမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၈၁၈ ဦးတို့ကို လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။

အလားတူ အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းများကို ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် အခြေခံစစ်ရေးပြဘာသာရပ်၊ လေကြောင်းပညာသမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှုအခြေခံသဘောတရား ဘာသာရပ်၊ လေကြောင်းဆိုင်ရာ အခြေခံဗဟုသုတများဘာသာရပ်၊ Airfield Procedure ဘာသာရပ်၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေး၊ ဇာတိမာန်ဘာသာ ရပ်၊ RC လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်ခြင်း ဘာသာရပ်နှင့် RC/Flight Simulator မောင်းနှင်ခြင်း ဘာသာရပ်များကို နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်သင်တန်းစခန်းမှ သင်တန်းသား ၇၀၊ မှော်ဘီမြို့ရှိ မြန်မာပြည်တောင်ပိုင်း သင်တန်းစခန်းမှ သင်တန်းသား ၅၀၊ မိတ္ထီလာမြို့ရှိ မြန်မာပြည်မြောက်ပိုင်း သင်တန်းစခန်းမှ သင်တန်းသား ၅၀၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားသင်တန်းစခန်းမှ သင်တန်းသား ၅၀၊ မကွေးမြို့ရှိ မကွေးသင်တန်း စခန်းမှ သင်တန်းသား ၅၀ တို့ကို သက်ဆိုင်ရာနယ်မြေ အသီးသီးမှ တာဝန် ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ တပ်မတော်(လေ) လေကြောင်းလူငယ် သင်တန်းစခန်း ၁၇ ခုမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၈၅၀ တို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ထိုသို့ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ အခြေခံလေကြောင်း လူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းများ လေ့ကျင့်သင်ကြားပို့ချနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်