Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ တက်ရောက်ဖွင့်လှစ်

နေပြည်တော် ဧပြီ ၂၉

၂ဝ၂၄ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အားကစားရုံ၌ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ၊ အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပိုက်ကျော်ခြင်းအားကစားနည်းကို ပြည်သူများ စိတ်ပါဝင်စားလာအောင် သင်တန်းများ၊ ပြိုင်ပွဲများများစွာပြုလုပ်ပေးရန် လိုအပ်ကြောင်း၊ နေပြည်တော်ကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းသည် ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့ပြီး နေပြည်တော်၏ ဂုဏ်ကိုဆောင်နိုင်ခဲ့သည့် အားကစားနည်း လည်းဖြစ်ကြောင်း၊ ပိုက်ကျော်ခြင်း အားကစားနည်းသည် နည်းစနစ်ကိုအခြေခံပြီး တစ်ဦးချင်းကျွမ်းကျင်မှု၊ လျင်မြန်ဖျတ်လတ်မှု၊ သက်လုံနှင့်ကြံ့ခိုင်မှုတို့ ပြည့်ဝရန်လိုသည့်အပြင် တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိရှိ အပေးအယူမျှမျှနှင့် ယှဉ်ပြိုင်ကစားရသည့် အားကစားနည်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစား သမားများအနေဖြင့် မိမိတို့အသင်းအနိုင်ရရှိစေရန် အနိုင်မခံအရှုံးမပေးဘဲ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်သွားကြရမည် ဖြစ်ကြောင်း၊ ဒိုင်လူကြီးများအနေဖြင့်လည်း ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဘက်လိုက်မှုမရှိဘဲ တရားမျှတစွာဖြင့် ဆုံးဖြတ်ဆောင်ရွက်ပေးသွား ကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်က အားထားရမည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်လာစေရန် ကြိုးစားယှဉ်ပြိုင်သွားကြရန် ပြောကြားပြီး ၂ဝ၂၄ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက်ကို ရွတ်ဆိုကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ဇေယျာသီရိမြို့နယ်အသင်းနှင့် ဇမ္ဗူသီရိမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

၂ဝ၂၄ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဧပြီ ၂၉ ရက်မှ မေ ၃ ရက်အထိ ပြည်ထောင်စုနယ်မြေ နေပြည်တော်အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်ရှစ်မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း ရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်