နေပြည်တော် ဧပြီ ၂၉
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရှမ်းပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး အလေးထားဆောင်ရွက်ရန်နှင့် စက်ရုံများအသစ်တည်ဆောက်ခြင်း မပြုလုပ်နိုင်သေးမီကာလတွင် ရှိပြီးသားစက်ရုံများကို ပျက်စီးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်းမောင်းနှင်သွားရန်နှင့် ဓာတ်အားပေးစက်များ ပုံမှန်လည်ပတ်ထုတ်လုပ်နိုင်ရန်အတွက် စက်များ၏ ကြံ့ခိုင်ရေးကိုလည်း စနစ်တကျစီမံချက်ရေးဆွဲ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းမှာကြားပြီး ဝန်ထမ်းများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားထိန်းချုပ်ခန်းအတွင်း နိုင်ငံတော်ဓာတ်အား စနစ်သို့ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ပေးနေမှု၊ တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေးစက်များမောင်းနှင်၍ ဓာတ်အားထုတ်လုပ်ပေးနေမှု၊ ဓာတ်အားပေးစက်များထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ကျောက်မီးသွေး အခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့်ကျောက်မီးသွေးပြာများ သိုလှောင်ထိန်းသိမ်းထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧဒင်စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်၏ ကျောက်မီးသွေးတူးဖော်ရေးလုပ်ကွက်သို့ရောက်ရှိပြီး ကျောက်မီးသွေးများ တူးဖော်ထုတ်ယူနေမှုနှင့် ကျောက်မီးသွေးများအား Conveyor Belt ဖြင့် ဓာတ်အားပေးစက်ရုံရှိ ကျောက်မီးသွေးသိုလှောင်ရုံများသို့ သယ်ယူပို့ဆောင်ပေးနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်တွင်တည်ရှိပြီး နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ စက်တပ်ဆင်အင်အားမှာ ၆၀ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက် နှစ်လုံးဖြင့် စုစုပေါင်းတပ်ဆင်အင်အား ၁၂၀မဂ္ဂါဝပ်ဖြစ်ပြီး ဒီဇိုင်းအရတစ်နှစ်ထုတ်လုပ်နိုင်မည့် ဓာတ်အားမှာ ၉၆၀ ကီလိုဝပ်နာရီသန်းပေါင်းဖြစ်ပြီး ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို ၁၃၂ ကေဗွီ တီကျစ်-လောပိတဓာတ်အားလိုင်း၊ ၁၃၂ ကေဗွီ တီကျစ်-လွိုင်ကော်ဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ တီကျစ်-ကလောဓာတ်အားလိုင်းတို့ဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ကလောပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ကယားပြည်နယ်မှ စစ်ဘေးရှောင်၍ ကလောမြို့နှင့်အောင်ပန်းမြို့တို့ရှိ ရုံးဌာနများတွင် တွဲဖက်တာဝန် ထမ်းဆောင်လျက်ရှိသည့် စစ်ဘေးရှောင်ဝန်ထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ စစ်ဘေးရှောင် ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောပင်မဓာတ်အားခွဲရုံရှိ ဓာတ်အားထိန်းချုပ် ခန်းအတွင်း လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် Switchyard အတွင်း လက်ရှိဓာတ်အား လိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိ ဖြန့်ဖြူးနေမှုအခြေအနေတို့ကို လှည့်လည်ကြည်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်