Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူမှုဖူလုံရေးရုံးအဆောက်အဦသစ်နှင့် ဆေးခန်းတက်ရောက်ဖွင့်လှစ်

နေပြည်တော် ဧပြီ ၂၉

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်ရှိ မြို့နယ်လူမှုဖူလုံရေးရုံးနှင့် ဆေးခန်းအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး

အခမ်းအနားသို့ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့ကရုံးနှင့် ဆေးခန်းတို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ မြို့နယ်ရုံးနှင့် ဆေးခန်းအဆောက်အဦသစ်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးအာမခံ (Social Insurance) စနစ်အရလူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်လာစေရေး မဟာဗျူဟာ ရည်မှန်းချက်တစ်ရပ်ချမှတ်၍ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်က စုပေါင်းထည့်ဝင်ကြေးများနှင့် နိုင်ငံတော်၏ အဓိကကုန်ထုတ် စွမ်းအားစုဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ငွေလက်ငင်းအကျိုးခံစားခွင့်များအား ခံစားရရှိနိုင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး အာမခံအလုပ်သမားများအတွက် ကျန်းမာ ရေးစောင့်ရှောက်မှုများကိုအလွယ် တကူလက်လှမ်းမီရယူနိုင်စေရန် အလုပ်သမားဆေးရုံကြီးများနှင့်ဆေးခန်းများအပြင် ပုဂ္ဂလိကနှင့် ပူးပေါင်း၍ စာချုပ်ဆေးခန်းများ ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက်ရှိသည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို အလွယ်တကူ လက်လှမ်းမီရယူနိုင်စေရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် Capitation Payment စာချုပ်ဆေးခန်း ၁၅ ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း ၄၉ ခန်း၊ Specialist OG OPD ပြသနိုင်သောဆေးခန်း ၃၈ ခန်း၊ မီးဖွား ခြင်းနှင့်ဆိုင်သော ဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ/ သားဖွားခန်း ၁၅ ခန်းတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအတွင်း အကျုံးဝင်အာမခံ အလုပ်သမားပေါင်း ၂၇၁၅၇ ဦးအတွက် လူမှုဖူလုံရေးဆေးခန်း ၁၀ ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်းသုံးခန်း၊ Capitation Payment စာချုပ်ဆေးခန်းတစ်ခန်းနှင့် Specialist OG OPD ပြသနိုင်သော ဆေးခန်းတစ်ခန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် မတ်လအထိ လူနာဦးရေ ၁၁၀၉ ဦးကို ဆေးဖိုးငွေကျပ်သန်း ၂၄၄ ဒသမ ၅၆၄ သန်း ပေးအမ်းခဲ့ကြောင်းနှင့် အဆိုပါမြို့နယ်ရုံးနှင့် ဆေးခန်းအဆောက်အဦသစ်တို့အား (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၁၆၉ ဒသမ ၉၇၃ သန်းဖြင့် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

အလုပ်သမားများကိုတွေ့ဆုံ

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် သွားရောက်မည့် အလုပ်သမား များကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ဆုံအမှာ စကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ယနေ့သည် မြန်မာအလုပ်သမားဝန်ကြီးဌာနနှင့် ထိုင်းအလုပ်သမား ဝန်ကြီးဌာနနှစ်ခု ပူးပေါင်းပြီး အလုပ်သမားများ ပိုမိုအဆင်ပြေအောင် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသို့သွားရောက်လုပ်ကိုင်မည့် လုပ်သားများအနေဖြင့် မိမိကို တာဝန်ယူစေလွှတ်သည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ၏အမည်နှင့် ဖုန်းနံပါတ်များ၊ သွားရောက်လုပ် ကိုင်မည့်စက်ရုံအမည်၊ လိပ်စာ၊ ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိများ၏ ဖုန်းနံပါတ်များ၊ လုပ်ငန်းခွင်အတွင်း ကြီးကြပ်သူများ၏ အမည်၊ ဖုန်းနံပါတ်များကို သိရှိအောင် ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ အလုပ်လုပ် ကိုင်ရာတွင် လုပ်ငန်းခွင်အတွင်း အခက်အခဲများ ရှိနိုင်မည်ဖြစ်ပြီး ၎င်းအခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် လိုအပ်ကြောင်းနှင့် လုပ်ငန်းခွင်အတွင်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျစည်းကမ်းရှိစွာ နေထိုင်လုပ်ကိုင်ရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံရှိ မိသားစုဝင်များထံသို့ လွှဲပို့ငွေများ ၂၅ ရာခိုင်နှုန်းနှင့် အခွန် ၂ ရာခိုင်နှုန်းကို လစဉ်လွှဲပြောင်းရေး ကြိုးစားဆောင်ရွက်ရန်နှင့် တရား ဝင်လွှဲပို့နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တရားဝင်လွှဲပို့ရာတွင် ပြင်ပငွေလဲလှယ်နှုန်းနှင့် ကွာခြားမှုမရှိစေရေးနှင့် ဘဏ်များသို့ သွားရောက်ရန် မလိုအပ်ဘဲ လုပ်ငန်းခွင်မပျက် အလွယ်တကူလွှဲပို့နိုင်ရေး Remittance Management System (RMS) Application ရေးဆွဲဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အလုပ်သမားများအနေဖြင့် မိမိတို့ ဘဏ်ကတ်များကို အလုပ်ရှင်ထံ အပ်နှံထားခြင်းမပြုဘဲ ကိုယ်တိုင် ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ Online လောင်းကစားသူများက မိမိတို့ဘဏ်အကောင့်များကို အသုံးချပြီးဆောင်ရွက်မှုမပြုနိုင်ရေး ဂရုပြုဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ကူညီဆောင်ရွက်

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံဒွန်မောင်း လေဆိပ်သို့ အလုပ်သမားအမျိုးသား ၁၉၇ ဦး၊ အမျိုးသမီး ၆၅ ဦး စုစုပေါင်း ၂၆၂ ဦးစေလွှတ်ခဲ့ရာ ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိချိန်တွင် ထိုင်းနိုင်ငံလေဆိပ်တာဝန်ရှိသူများ၊ ထိုင်းအလုပ်အကိုင် ဌာန (DOE) မှ ညွှန်ကြားရေးမှူးနှင့်အဖွဲ့၊ အလုပ်သမားသံမှူး ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်နှင့် တာဝန်ရှိသူများက အဆိုပါ အလုပ်သမားများကို လှိုက်လှဲစွာကြိုဆိုခဲ့ကြပြီး ဆေးစစ်မှုဆောင်ရွက်ခြင်း၊ ဗီဇာကိစ္စနှင့် Work Permit ဆိုင်ရာ ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းခွင် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းခွင်သို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်