နေပြည်တော် ဧပြီ ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သောအရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှုဂုဏ်ပြုအားပေးစကား ပြောကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများရင်းရင်းနှီးနှီး မေးမြန်း
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအခြေအနေများ၊ ဆေးဝါးကုသမှု ပေးထားသည့်အခြေအနေများ၊ ရောဂါကုသ ပျောက်ကင်းသက်သာမှုအခြေအနေများနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းကာ အားပေးစကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ဝန်ကြီးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား မော်လမြိုင်မြို့၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
မြို့/ရွာများအတွင်း အကြမ်းဖက်သောင်းကျန်းသူများ စိမ့်ဝင်ခိုအောင်းမှုမရှိစေရေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့သည် နယ်စပ်ဒေသများဖြစ်ပြီး အရေးပါသော နယ်စပ်ကုန်သွယ်ရေး ဝင်ပေါက်များရှိသည့်အတွက် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် နယ်စပ်ကုန်သွယ်ရေးကဏ္ဍတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရမည့် အခြေအနေများ၊ လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူသုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသခံပြည်သူများပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် တာဝန်ရှိသူများအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံပြည်သူများကို နားလည်သဘောပေါက်အောင် ရှင်းလင်းဆွေးနွေး စည်းရုံးဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများ၊ တည်ငြိမ်အေးချမ်းမှုရှိပြီးဖြစ်သည့် မြို့/ရွာများအတွင်း အကြမ်းဖက်သောင်း ကျန်းသူများ စိမ့်ဝင်ခိုအောင်းမှုမရှိစေရေး လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိစွာဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်အတွင်းရှိ ကျောင်းသား ကျောင်းသူများစိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့် ဒေသခံပြည်သူများလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရမည့် အခြေအနေများ၊ နိုင်ငံရေးသည် ကာကွယ်ရေး၊ စီးပွားရေးတို့နှင့်တိုက်ရိုက်ဆက်စပ်မှုရှိသည့်အတွက် နိုင်ငံရေး၊ ကာကွယ်ရေးနှင့် စီးပွားရေးတို့ကို ဟန်ချက်ညီအောင် ဆောင်ရွက်ရန်လိုအပ်သည့်အခြေအနေများနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် MSME လုပ်ငန်းများကိုလည်း ထိရောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည့်အခြေအနေများကို အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။
တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး
ထို့နောက် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ပြည်နယ်အတွင်းရှိ ဒေသဆိုင်ရာ အချက်အလက်များ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ယာယီနေရပ်စွန့်ခွာ ပြည်သူများနေထိုင်နိုင်ရန် ယာယီတိုက်ပွဲရှောင်စခန်းများဖွင့်လှစ်ထားရှိမှုနှင့် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများ၊ အကြမ်းဖက်သမားများဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့သည့်မြို့၊ ရွာများတွင် ပြန်လည်ထူထောင်ရေးနှင့် မိုင်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ကျောင်းဖွင့်ရာသီတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး စီမံဆောင်ရွက်နေမှုများ၊ MSME လုပ်ငန်းများအတွက် ချေးငွေများ ထုတ်ချေးပေးထားမှုနှင့် ဒေသအတွင်း စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဒေသတွင်း ထုတ်ကုန်များဖြစ်သည့် ရော်ဘာနှင့် ဆန်၊ စပါးအတွက် Work Plan များ ရေးဆွဲဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပြီး တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
စစ်ဆင်ရေး၊ နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးပိုင်းဆိုင်ရာများ မှာကြား
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် အရှေ့တောင် တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ တပ်နယ်များမှ တပ်မှူးများနှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ စစ်ဆင်ရေး၊ နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးပိုင်းဆိုင်ရာများအား ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်