နေပြည်တော် ဧပြီ ၂၈
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသတ်ကျေးရွာ၊ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ဝင်ရောက်နေထိုင်ပြီး အကြမ်းဖက်အဖျက်အမှောင့် လုပ်ငန်းများလုပ်ဆောင်နေသည့် အကြမ်းဖက်သောင်းကျန်းသူများကို တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter– Terrorism Operation) ဖြင့် စနစ်တကျဆောင်ရွက်ပြီး တိုက်ခိုက်ချေမှုန်းခဲ့ရာ အဆိုပါဒေသများအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည့် သတင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ယခုအခါ ယင်းဒေသများသည် ပြန်လည်တည်ငြိမ် အေးချမ်းလာပြီဖြစ်သည့်အတွက် ယာယီနေရပ် စွန့်ခွာနေရသော ဒေသခံပြည်သူများကို ၎င်းတို့၏ ကျေးရွာများသို့ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး စည်းရုံးဆောင်ရွက်ခဲ့ရာ ဧပြီ ၂၇ ရက်အထိ မွန်ပြည်နယ် ဓမ္မသတ်ကျေးရွာ၊ တရနာကျေးရွာနှင့် ကော့သတ်ကျေးရွာများသို့ အမျိုးသား ၉၆ ဦး၊ အမျိုးသမီး ၁၂၄ ဦး စုစုပေါင်း ၂၂၀ နှင့် ကရင်ပြည်နယ် ကော့ဘိန်းကျေးရွာသို့ အမျိုးသား ၁၆၁ ဦး၊ အမျိုး သမီး ၃၂၄ ဦး စုစုပေါင်း ၄၈၅ ဦးတို့ ပြန်လည်ဝင်ရောက်နေထိုင်လာကြောင်း သိရသည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက နေ့ညမပြတ် ပြန်လည်ကြိုဆို၍ စနစ်တကျလက်ခံလျက်ရှိပြီး လိုအပ်သည့် ကူညီစောင့်ရှောက်ရေးလုပ်ငန်းများ နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာ ပစ္စည်းများနှင့်လိုအပ်သည့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ယာယီနေရပ်စွန့်ခွာနေရသော ဒေသခံပြည်သူများသည် ၎င်းတို့၏နေရပ်အသီးသီးသို့ ဆက်လက်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်