Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၈

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ပင်းပက်ဒေသရှိ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) ပြန်လည်လည်ပတ်နိုင်ရေးအတွက် လိုအပ်သောလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်နေမှုနှင့် တောင်ကြီးပင်မဓာတ်အားခွဲရုံ၏ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) ပြန်လည်လည်ပတ်၍ နိုင်ငံအတွင်း တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော သံနှင့်သံမဏိများ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားအမြန်ရရှိနိုင်ရေး ပြင်ဆင်ဆောင် ရွက်နေမှုများတွင် ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကိုလည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်စဉ် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အထူးအလေးထား ဆောင်ရွက်သွားကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ရုံအတွင်းရှိ Gas Turbine ပြင်ဆင်နိုင်ရန် စက်ပစ္စည်းများရောက်ရှိမှု၊ လျှပ်စစ်ဓာတ်အားရရှိရေး ခွဲရုံများတိုးချဲ့တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန တောင်ကြီးပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ဘတ်ဂျက်ပါလုပ်ငန်းများ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် တွန်းအားပေး ဆောင်ရွက်သွားရန်၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံး အရန်ပစ္စည်းများကို ကြိုတင်စုဆောင်းထားရန်နှင့် ဌာနပိုင်မြေများတွင် ကျူးကျော်ဝင်ရောက်မှုမရှိစေရေး ဆောင်ရွက်သွားရန် မှာကြား ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၁၃၂ ကေဗွီ နမ့်စန်-တောင်ကြီး ဓာတ်အားလိုင်းစီမံကိန်း၏ တာဝါတိုင်အမှတ်(၂၄၉)နှင့် (၂၅၀) တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် တောင်ကြီးပင်မဓာတ်အားခွဲရုံ Switch Bay တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ ပြည်နယ်/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ဦးစွာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအခြေအနေများကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လက်ရှိဓာတ်အားထုတ်လုပ်နေမှုကို တိုးတက်မထုတ်လုပ်နိုင်သေးမီကာလတွင် မြို့နယ်အဆင့်များတွင် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့မြို့နယ်များအတွင်း ဓာတ်အားခကြွေးကျန်များ အပြည့်အဝရရှိရေးနှင့် တရားမဝင်ဓာတ်အားရယူသုံးစွဲမှုများမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်သွားရန်လိုအပ်ကြောင်းမှာကြားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့်ပတ်သက်၍ သိရှိထားသင့်သည့် အချက်အလက်များကို ရှင်းလင်းဆွေးနွေးမှာကြားကာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်