နေပြည်တော် ဧပြီ ၂၇
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်းထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ပဉ္စမထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု အခြေခံသင်တန်း အမှတ်စဉ် (၉) သင်တန်းဖွင့်ပွဲ သို့ တက်ရောက်အမှာစကား ပြောကြားသည်။
ပူးပေါင်းပါဝင်ဆောင်ရွက်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းကို ပုဂ္ဂလိကကဏ္ဍအသီးသီးရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ပြီး နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်၊ ကုန်သွယ်မှုဆိုင်ရာ ဗဟုသုတများ ရရှိစေရန်၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးပါသည့် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များနှင့် ကုန်သည် စီးပွားရေးလုပ်ငန်းရှင် အသစ်များကို မွေးထုတ်ပေး နိုင်ရန်နှင့် ကုန်သွယ်မှုနှင့်ဆိုင်ရာလူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ပြည်ပကုန်သွယ်မှု တိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်အပါအဝင် ပုဂ္ဂလိကအသင်းအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဟန်ချက်ညီညီ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၉၈ ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တရှစ်ပတ်ကြာမြင့်မည် ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ အရာထမ်း၊ အမှုထမ်းများကို တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် နှစ်သစ်တွင် ရုံးလုပ်ငန်းတာဝန်များကို အားသစ်၊ မာန်သစ်၊ ခွန်အား အပြည့်ဖြင့် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ ယခင်နှစ်လုပ်ငန်းဆောင်ရွက်မှုများအပေါ် အားနည်းချက်၊ အားသာချက်များ ပြန်လည်သုံးသပ်စိစစ်ပြီး ယခုဘဏ္ဍာနှစ်တွင် ပို့ကုန်လျာထားချက် ပြည့်မီကျော်လွန်အောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပို့ကုန်မြှင့်တင်နိုင်ရေးအတွက်၊ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သွားကြရန်၊ ဆောင်ရွက်ရာတွင် အင်တိုက်အားတိုက်၊ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့ရှိ ယုဇနစားအုန်းဆီသန့်စင် စက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း စားအုန်းဆီသန့်စင်ထုတ်လုပ်၊ ထုပ်ပိုး၊ ဖြန့်ဖြူးနေမှုအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေး၍ ကုန်ကြမ်း ရရှိရေးအတွက် ဆီအုန်းများ သီးနှံအထွက်တိုးအောင် ဆောင်ရွက်ရန်နှင့် တိုးချဲ့စိုက်ပျိုးရန်၊ စားအုန်းဆီပြည်ပမှ တင်သွင်းနေမှု လျှော့ချနိုင်ရေးအတွက် ပြည်တွင်းစားသုံးဆီများကို လုံလောက်ဖူလုံအောင် ထုတ်လုပ်ရေးနှင့် ပိုလျှံက ပြည်ပသို့တင်ပို့နိုင်ရေး ဆောင်ရွက်ရန်၊ စားသုံးဆီကုန်ချောထုတ်လုပ်ရာတွင် နိုင်ငံတကာမှ သတ်မှတ်ထားသော ကျန်းမာရေးနှင့် ညီညွတ်သည့် အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီအောင်ဆောင်ရွက်ရန်၊ ပြည်တွင်းဖြန့်ဖြူးရာတွင် စျေးနှုန်းသက်သာစွာ ဖြန့်ဖြူးရန်တို့ကို မှာကြားသည်။
ယုဇနဆီချောဆီသန့်ထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်များတွင် ဆီအုန်း ၁၄၃၅၀၄ ဧက စိုက်ပျိုးထားရှိကြောင်း၊ ဆီကြမ်းစက်ရုံများကို ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်များတွင် တည်ထောင်ကြိတ်ခွဲ ထုတ်လုပ်ပြီး အဆိုပါ စားအုန်းဆီကြမ်းကို ယခုစက်ရုံမှ စားအုန်းဆီသန့် တစ်နှစ် တန် ၂၀၀၀၀ ခန့် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်