Skip to main content

ပဲခူးတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းဆောင်ရွက်

နေပြည်တော် ဧပြီ ၂၇

ပဲခူးတိုင်းဒေသကြီး နယ်မြေမဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဧပြီ ၂၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဝေါမြို့နယ်ရပ်ကွက်/ ကျေးရွာ အုပ်စု ၆၄ ခုမှ ပြည်သူ ၃၄၂ ဦး၊ ဒိုက်ဦးမြို့နယ် ရပ်ကွက်/ ကျေးရွာ အုပ်စု ၅၃ ခုမှ ပြည်သူ ၃၁၀ တက်ရောက်ပြီး စုစုပေါင်း ၆၅၂ ဦး လက်တွေ့စမ်းသပ် မဲပေးလေ့လာကြသည်။

လက်တွေ့စမ်းသပ်မဲပေး

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးစိုးဦးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက MEVM စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသဆောင်ရွက်ကြပြီး တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။

ဆက်လက်ဆောင်ရွက်မည်

စမ်းသပ်မဲပေးသူများက ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအရ နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် ပိုမိုကောင်းမွန်စေမည့် အကြံပြုချက်များကိုလည်း ပေးခဲ့ကြသည်။ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်းအစီအစဉ်ကို ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်