Skip to main content

သစ်တောဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် လျာထားချက်များ ပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၂၅

သစ်တောဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှုနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးလုပ်ငန်းများ၊ ရငွေနှင့် ထုတ်လုပ်မှု လျာထားချက်များ ပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သစ်တောဦးစီးဌာနရုံးချုပ် အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ခံများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၁၀ မှ ၂၀၂၀ ပြည့်နှစ် အတွင်း နှစ်စဉ်ပျမ်းမျှ သစ်တောပြုန်းတီးမှုသည် နိုင်ငံဧရိယာ၏ သုညဒသမ ၉၆ ရာခိုင်နှုန်းရှိပြီး နှစ်စဉ်ပျမ်းမျှဧက ခုနစ်သိန်းကျော် ပြုန်းတီးနေကြောင်း၊ သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာရေး၊ ကြိုးဝိုင်း/ ကြိုးပြင်တောများ တိုးချဲ့ဖွဲ့စည်းရေး၊ သစ်တောစိုက်ခင်းများနှင့် ကျေးရွာသုံးထင်း စိုက်ခင်းများ တည်ထောင်ရေး၊ သဘာဝတောများ ထိန်းသိမ်း ကာကွယ်ရေး၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်စောင့်ရှောက်ရေး၊ တရားမဝင်သစ်တားဆီးရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

သစ်တောဖုံးလွှမ်းမှု ပြန်လည် ကောင်းမွန်လာစေရေးအတွက် နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို သစ်တောနယ်မြေအဖြစ်လည်းကောင်း၊ ၁၀ ရာခိုင်နှုန်းကို သဘာဝ နယ်မြေအဖြစ်လည်းကောင်း သတ်မှတ်ဖွဲ့စည်းနိုင်ရေးလျာထားဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော ၂၅ ဒသမ ၈၈ ရာခိုင်နှုန်းနှင့် သဘာဝနယ်မြေ ၆ ဒသမ ၄၂ ရာခိုင်နှုန်း ဖွဲ့စည်းနိုင်ခဲ့ပြီး ကျန်ရှိသည့် ဧရိယာများကို ဆက်လက်၍ တိုးချဲ့ဖွဲ့စည်းသွားရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း။

၂၀၂၄ ခုနှစ် မိုးရာသီတွင် သစ်ပင်ပေါင်း ၂၂ သန်းကျော် စိုက်ပျိုးရန် လျားထားဆောင်ရွက်လျက်ရှိရာ နိုင်ငံပိုင်သစ်တောစိုက်ခင်းများ၊ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး စိုက်ခင်းများ၊ ပုဂ္ဂလိကနှင့်ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်စိုက်ခင်းများ၊ တစ်ရွာနှစ်ဧက စိုက်ပျိုးခြင်းနှင့် လူထုဖြန့်ဝေစိုက်ပျိုးခြင်းများအား ရာသီချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ အထူးသဖြင့် တစ်ရွာနှစ်ဧက စိုက်ပျိုးခြင်းနှင့် ကျေးရွာသုံးထင်းစိုက်ခင်းများကို အပူပိုင်း ဒေသ ၁၃ ခရိုင်တွင် အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် စိုက်ပျိုးသွား ရန်လိုကြောင်း၊ ၂၀၂၄ ခုနှစ် မိုးရာသီအကြိုနှင့် မိုးရာသီသစ်ပင်စိုက်ပွဲတော်များ အောင်မြင်စွာ ပြုလုပ်ကျင်းပနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရမည်ဖြစ်ကြောင်း။

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပရိဘောဂနှင့် ပန်းပုလုပ်ငန်းများ သစ်ကုန်ကြမ်း စဉ်ဆက်မပြတ်ရရှိစေရန်နှင့် လုပ်ငန်းစဉ်များချောမွေ့မှုရှိစေရန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ တရားမဝင်သစ်ခိုးထုတ်မှု လျော့နည်းပပျောက်စေရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု၊ ပြည်သူများပါဝင်သော လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်တို့ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ၇၇၄၂ တန် ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလအတွင်း ၄၉၃ တန် ဖမ်းဆီးဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်တာဝန်ခံများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ စီမံကိန်းလျာထားချက်များ၏ အားသာချက်၊ အားနည်းချက်ပေါ် အခြေခံ၍ ယခုဘဏ္ဍာနှစ်တွင် အကောင်းဆုံးပြင်ဆင်ပြီး လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်း ဒေသကြီး/ ပြည်နယ် တာဝန်ခံများ က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်