Skip to main content

မန္တလေးတိုင်းဒေသကြီးအတွင်း တန်ခိုးကြီးစေတီဘုရား ၁၇ ဆူတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်များ တပ်ဆင်ပေးခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်နေ

မန္တလေး ဧပြီ ၂၃

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးစေတီဘုရား ၁၇ ဆူတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) များတပ်ဆင်ပေးခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းများအရ သိရသည်။

အဆိုပါစေတီဘုရားများကို Pagoda Digital Directory များ တပ်ဆင်ဆောင်ရွက်ပေးခြင်းဖြင့် အဆိုပါစေတီဘုရားများ၏ သမိုင်းအချက်အလက်များ၊ စေတီဘုရားများနှင့်ပတ်သက်သည့် အကြောင်းအရာများကို တစ်နေရာတည်းတွင် တစ်စုတစ်ဝေးတည်း လေ့လာကြည်ညိုနိုင်စေရန်၊ ဘုရားဖူးလာရောက်မှု တိုးမြှင့်လာစေရန်၊ နိုင်ငံတကာဘုရားဖူးခရီးသွားများကို ဆွဲဆောင်နိုင်စေရန်နှင့် နိုင်ငံတကာအဆင့်မီဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။

ယင်းသို့ Pagoda Digital Directory များတပ်ဆင်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်မည့် တန်ခိုးကြီးစေတီဘုရားများမှာ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီး၊ အောင်မြေသာစံမြို့နယ်ရှိ မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရား၊ ပဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန်စေတီ ကုသိုလ်တော်၊ မန္တလေးတောင်တော် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၊ ရွှေကျီးမြင်စေတီတော်၊ ချမ်းအေးသာစံမြို့နယ်ရှိ မဟာလောကရန်နှိမ် အောင်တော်မူစေတီတော်၊ ကျောက်ဆည်မြို့နယ်ရှိ ရွှေသိမ်တော်ဘုရား၊ ပြင်ဦးလွင်မြို့နယ်ရှိ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရားတို့အပြင် ညောင်ဦး ခရိုင်အတွင်းရှိ ရွှေစည်းခုံစေတီတော်၊ အာနန္ဒာဘုရား၊ လောကနန္ဒာ၊ တုရင်တောင်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ မနူဟာဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဗူးဘုရား၊ ဓမ္မရာဇကဘုရားတို့တွင် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်