Skip to main content

၂၀၂၄ ခုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား ကျောင်းသူ လူငယ်များအတွက် ရေကြောင်းနှင့် လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများ စတင်ဖွင့်လှစ်

နေပြည်တော် ဧပြီ ၂၂

ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော် (ရေ) က ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) နှင့် ရေကြောင်း လူငယ်တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာမြို့နယ်အသီးသီး၌ တစ်ချိန်တည်း စတင်ဖွင့်လှစ်ကြသည်။

ရေကြောင်းကဏ္ဍအရေးပါ

ပင်လယ်ရေကြောင်းပညာများကို စိတ်ပါဝင်စားပြီး နိုင်ငံတော်အတွက် စိတ်ဓာတ်စည်းကမ်း ကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့် ထူးချွန်ထက်မြက်သော လူငယ်၊ လူရွယ်များပေါ်ထွန်းလာစေရန်၊ ခေတ်မီနိုင်ငံတော်တည်ဆောက်ရေးတွင် ရေကြောင်းပို့ဆောင်ရေးကဏ္ဍအရေးပါကြောင်း လူငယ်များသိရှိနားလည်စေရန်၊ လှေလှော်အားကစားနည်း၊ ရွက်တိုက်အားကစားနည်းများအတွက် ထူးချွန်သည့် အားကစားသမားများ မွေးထုတ်ပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် တပ်မတော် (ရေ) က ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ်များအတွက် ရေကြောင်းလူငယ် အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) နှင့် ရေကြောင်း လူငယ်တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) တို့ကို သက်ဆိုင်ရာ မြို့နယ်အသီးသီး၌ ယနေ့နံနက်ပိုင်းတွင် တစ်ချိန်တည်းဖွင့်လှစ်ခဲ့ရာ နေပြည်တော်ကောင်စီ နယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့နှင့် ကိုကိုးကျွန်းမြို့၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ဟိုင်းကြီးကျွန်းမြို့၊ မွန်ပြည်နယ်တွင် မော်လမြိုင်မြို့၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဟိန်းဇဲဒေသ၊ မြိတ်မြို့နှင့် ကျွန်းစုမြို့၊ မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တွင် ကျိုင်းတုံမြို့တို့ရှိ ရေကြောင်းလူငယ်စခန်းများ၌ စုစုပေါင်း သင်တန်းသား သင်တန်းသူ ၈၁၈ ဦးတို့ဖြင့်ဖွင့်လှစ်ကြပြီး အဆိုပါ သင်တန်းဖွင့်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ရေတပ်စခန်းဌာနချုပ်မှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ဖွင့်လှစ်ပေးကြသည်။

သက်ဆိုင်ရာ မြို့နယ်အသီးသီး၌ ရေကြောင်းလူငယ် သင်တန်းများဖွင့်လှစ်ပြီး ရန်ကုန်မြို့ အင်းယား ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူများအား တပ်မတော် (ရေ) မှ စစ်ရေယာဉ်ဖြင့် လက်တွေ့လိုက်ပါစီးနင်းပြီး ရန်ကုန်မြစ်တွင်းလေ့လာခြင်း၊ ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်လေ့လာခြင်းနှင့် ရေတပ် Documentary ပြသခြင်းကိုလည်းကောင်း၊ အခြားမြို့နယ်အသီးသီးတွင် ဖွင့်လှစ်ခဲ့သော ရေကြောင်းလူငယ်စခန်းများမှ သင်တန်းသား သင်တန်းသူများအား ဒေသန္တရဗဟုသုတဆိုင်ရာ လေ့လာရေးခရီးစဉ်များ ပို့ဆောင်ပေးခြင်းဖြင့် လည်းကောင်း စီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်။

ရေကြောင်းလူငယ် အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများတွင် အခြေခံစစ်ရေးပြနှင့် အခြေခံရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန် အခြေခံသဘောတရားများ၊ အသုံးချရေကြောင်း လမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်း သွားလာရေးဆိုင်ရာများ၊ အခြေခံရေတပ်သား အချက်ပြဆက်သွယ်ရေးဆိုင်ရာ၊ အခြေခံရေကူးနှင့် လှေလှော်ရွက်တိုက် နည်းတို့ကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းစခန်း ၁၀ ခုမှ သင်တန်းသား သင်တန်းသူများအား သင်တန်းနောက်ဆုံးပတ်၌ ရန်ကုန်မြို့တွင်စုစည်း၍ စခန်းပေါင်းစုံတွေ့ဆုံပွဲ၊ ဘာသာရပ်ဆိုင်ရာ စွမ်းရည်ပြိုင်ပွဲများလည်း ပြုလုပ်သွားမည် ဖြစ်သည်။

ထို့ပြင် လေ့လာရေးခရီးစဉ်များအဖြစ် နေပြည်တော်ကောင်စီနယ်မြေနှင့် ရန်ကုန်မြို့တို့ရှိ အထင်ကရနေရာများ၊ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ လေ့လာရေးနှင့် စစ်ရေယာဉ်များဖြင့် ပင်လယ်ဝသို့ရေလမ်းကြောင်း လေ့လာရေးခရီးစဉ် ပို့ဆောင်ခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စုပေါင်းဆောင်ရွက်မှုရရှိစေရန်

အလားတူ လေကြောင်းပညာသမိုင်း ကိုလေ့လာခြင်းဖြင့် လေကြောင်းနှင့် အာကာသသိပ္ပံပညာရပ်များတွင် စိတ်ဝင်စားမှုတိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သောပညာရပ်များကို တတ်သိနားလည်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်လာစေရန်၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်မှုအလေ့အကျင့်ရရှိစေရန်၊ လူငယ်များ၏ ဝါသနာကို ပြုစုပျိုးထောင်မြှင့်တင်ပေးရန် မျိုးဆက်သစ် လူငယ်မောင်မယ်များ ယုံကြည်ချက်၊ ခံယူချက် မြင့်မားစေပြီး အနာဂတ်တပ်မတော်နှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) မှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁/၂၀၂၄)နှင့် တန်းမြင့် လေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်သင်တန်းစခန်းအပါအဝင် သင်တန်းစခန်း ၁၇ ခု၌ ကျင်းပသည်။

နေပြည်တော် သင်တန်းစခန်း သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေမှ တာဝန်ရှိသူများ၊ တပ်မတော်အရာရှိကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) က ကြီးမှူးဖွင့်လှစ်သည့် အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁/၂၀၂၄) တို့၏ သင်တန်းစတင်ဖွင့်လှစ်သည့်နေ့ဖြစ်ကြောင်း၊ လေကြောင်း လူငယ်သင်တန်းများကို ၁၉၅၄ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းကို လေကြောင်းကင်းထောက် သင်တန်း၊ လူငယ် (လေကြောင်း) သင်တန်း၊ လေကြောင်းမျိုးဆက်သစ်သင်တန်း၊ လေကြောင်းရဲညွန့်လောင်းသင်တန်း၊ လေကြောင်းလူငယ်သင်တန်းဟု အဆင့်ဆင့် အမည်ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အထိ အခြေခံအဆင့် သင်တန်းသား ၆၉၂၄ ဦးနှင့် တန်းမြင့်သင်တန်းသား ၅၃၁ ဦး၊ စုစုပေါင်း သင်တန်းသား ၇၄၅၅ ဦးကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၏ အနာဂတ်ကြယ်ပွင့်များဖြစ်သည့် မျိုးဆက်သစ်မောင်မယ်များကို ယခုလို နွေရာသီကျောင်းပိတ်ရက် တွင် တန်ဖိုးရှိလှသည့် လေကြောင်းဆိုင်ရာ ပညာရပ်များကို လက်ဆင့်ကမ်းပေးနိုင်မည်ဖြစ်သည့် အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြား၍ သင်တန်းကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တာဝန်ရှိသူများက သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ သင်ထောက်ကူ ပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

သင်တန်းဖွင့်ပွဲများကျင်းပ

အလားတူ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့နှင့် မိတ္ထီလာမြို့၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နှင့် နမ့်စန်မြို့၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မကွေးတိုင်းဒေသကြီး မကွေးမြို့၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့၊ မင်္ဂလာဒုံမြို့နှင့် ကိုကိုးကျွန်းမြို့၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် ပြည်မြို့၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့တို့ရှိ သင်တန်းစခန်းများတွင်လည်း သင်တန်းဖွင့်ပွဲ အခမ်းအနားများကို တစ်ပြိုင်နက်ကျင်းပခဲ့ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးများ၊ လေတပ်စခန်း ဌာနချုပ်မှူးများနှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြ သည်။

ဘာသာရပ်များ ပို့ချသွားမည်

ယခုဖွင့်လှစ်သည့် အခြေခံလေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ကို နေပြည်တော်သင်တန်းစခန်း အပါအဝင် သင်တန်းစခန်း ၁၅ ခုတွင် သင်တန်းသား ၇၅၀ ဖြင့် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် လေကြောင်းပညာသမိုင်း၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရား၊ RC လေယာဉ် / ရဟတ်ယာဉ် မောင်းနှင်ခြင်း၊ RC Simulator မောင်းနှင်ခြင်း၊ အခြေခံစစ်ရေးပြ (လက်နက်မဲ့)၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် တပ်မတော် သမိုင်းကြောင်း စသည့်ဘာသာရပ်များကို ပို့ချသွားမည်ဖြစ်သည်။ တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁/၂၀၂၄)ကို သင်တန်းစခန်းနှစ်ခုတွင် သင်တန်းသား ၁၀၀ ဖြင့် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး လေကြောင်းဆိုင်ရာ အခြေခံဗဟုသုတများ၊ Airfield Procedure ဘာသာရပ်၊ RC လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်ခြင်း၊ Flight Simulator မောင်းနှင်ခြင်း၊ အခြေခံစစ်ရေးပြ (လက်နက်ပါ)၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် တပ်မတော်သမိုင်းကြောင်း စသည့်ဘာသာရပ်များကို ပို့ချသွားမည်ဖြစ်သည်။

ရေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့်သင်တန်းကို မေ ၁၇ ရက်အထိလည်းကောင်း၊ အခြေခံလေကြောင်း လူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းတို့ကို မေ ၂၄ ရက်အထိလည်းကောင်း သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်