Skip to main content

အညာဒေသချည်ထည်အမျိုးမျိုး ထုတ်လုပ်ဖြန့်ချိလျက်ရှိသည့် ပခုက္ကူမြို့က စိန်ငါးပွင့်ချည်ထည်လုပ်ငန်း

နိုင်ငံတစ်ဝန်းတွင် ပြည်တွင်းထုတ်လုပ်မှုမြင့်မားရေးအတွက် ဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံ၍ အရည်အသွေးကောင်းမွန်သည့် ကုန်ချောပစ္စည်းများ ထုတ်လုပ်ကာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြရာ ပခုက္ကူအညာဒေသတွင်လည်း စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့်ထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းများအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ယင်းတို့အနက် ဝါစိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိလာသည့် ဝါဂွမ်းမှတစ်ဆင့် ဆန်းသစ်သောချည်ထည်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရောင်းချလျက်ရှိသည့် ပခုက္ကူမြို့က စိန်ငါးပွင့်၊ ဓာတ်ဆိုး၊ ဆေး၊ ချည်မျှင်နှင့် ချည်ထည်အမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်-

မေး။ ။ ဒီချည်ထည် ရောင်းဝယ်ရေးလုပ်ငန်းကို ဘယ်အချိန်က စလုပ်ကိုင်ဖြစ်တာလဲ။

ဖြေ။ ။ ၁၉၈၀ ပြည့်နှစ်လောက်ကတည်းက စလုပ်ဖြစ်တာပါ။ လုပ်ငန်းစတင်လုပ်ဆောင်ချိန်က ကိုယ်ပိုင်ရက်ကန်းလေး တစ်စင်၊ နှစ်စင်လောက်ထောင်ပြီး ရက်ကန်းသမအငှားလေးတွေနဲ့ လုပ်ကိုင်ဖြစ်ခဲ့တာပါ။

မေး။ ။ လုပ်ငန်း ဆောင်ရွက်ဖြစ်ခဲ့ပုံနဲ့ ရည်ရွယ်ချက်လေးလည်း သိပါရစေ။

ဖြေ။ ။ လုပ်ငန်းစတင်ဖြစ်ခဲ့ပုံကတော့ ကျွန်မတို့ဖေဖေက ဝန်ထမ်းဘဝကနေ အနားယူပြီးသွားတဲ့အချိန်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဖို့ စဉ်းစားရာကနေ ကျွန်မတို့ပခုက္ကူဒေသရဲ့ အထင်ကရထုတ်ကုန်တစ်မျိုးဖြစ်တဲ့ ချည်ထည်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ဖို့ ရွေးချယ်ဖြစ်ခဲ့ တာပါ။

မေး။ ။ ချည်ထည်ကုန်ပစ္စည်း အမျိုးပေါင်း ဘယ်နှမျိုးလောက် ထုတ်လုပ်ရောင်းချပါသလဲရှင်။

ဖြေ။ ။ ချည်ထည်အမျိုးအစားတွေကတော့ တတ်နိုင်သလောက် စုံလင်စွာ ထုတ်လုပ်ရောင်းချပေးလျက်ရှိပါတယ်။ အမျိုးအစားတွေအနေနဲ့ကတော့ စောင်အမျိုးမျိုး၊ တဘက်၊ စားပွဲခင်း၊ လက်သုတ်ပဝါ၊ ခေါင်းအုံးစွပ်၊ ပုဆိုး၊ လုံချည်၊ အင်္ကျီစ စသဖြင့်ပေါ့။ စောင်မှာဆိုလည်း အမျိုးအစားပေါင်း ၅၀ ခန့်၊ လက်သုတ်ပဝါအမျိုးအစားပေါင်း ၁၀ မျိုးခန့်၊ တဘက်စောင်အမျိုးအစားပေါင်း ၁၀ မျိုးခန့်ကို ခေတ်နဲ့အညီဖြစ်အောင် ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းမျိုးစုံနဲ့ ထုတ်လုပ်ရောင်းချနေပါတယ်။ ချည်ချောထည်တွေသာမက ကုန်ကြမ်းတွေဖြစ်တဲ့ ချည်ထုတ်၊ ဆိုးဆေးတွေကိုလည်း ရောင်းချပါတယ်။

မေး။ ။ ပခုက္ကူချည်ထည်တွေ ဖြန့်ချိနေတဲ့အခြေအနေနဲ့ ရောင်းအားအကောင်းဆုံးကုန်ပစ္စည်းကိုလည်း သိပါရစေ။

ဖြေ။ ။ ပခုက္ကူ ချည်ထည်တွေကတော့ လူအများစုက စိတ်ဝင်စားကြတာကို တွေ့ရပါတယ်။ ဖြန့်ချိမှုအနေနဲ့ကတော့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပြည်၊ အောင်လံ၊ သရက်၊ ဘားအံ၊ ဂန့်ဂေါ၊ မုံရွာနဲ့ တောင်ကြီးမြို့တွေကို အဓိကဖြန့်ချိရပါတယ်။ အဲဒီဒေသတွေမှာ ကိုယ်စားလှယ်တွေရှိပြီး လက်လီ၊ လက်ကားစနစ်နဲ့ ပစ္စည်းမှန်၊ ဈေးမှန်နဲ့ ရောင်းချပေးနေပါတယ်။ ရောင်းအားအကောင်းဆုံးကုန်ပစ္စည်းကတော့ စောင်၊ စားပွဲခင်း၊ လက်သုတ်ပဝါ၊ တဘက်၊ ပုဆိုး၊ လုံချည်၊ အင်္ကျီစတွေဖြစ်ပြီး အညာဒေသလက်ဆောင်အနေနဲ့ပေးရင်လည်း လှသလို ပခုက္ကူချည်ထည်တွေကို လူအများက နှစ်သက်ကြလို့ ထုတ်ကုန်အားလုံးကို လူအများကြိုက်နှစ်သက်အောင် ပိုမိုကြိုးစားထုတ်လုပ်ပေးရပါတယ်။

မေး။ ။ ကုန်ကြမ်းစုဆောင်းရရှိမှုအခြေအနေလေးလည်း သိပါရစေ။

ဖြေ။ ။ ကုန်ကြမ်းကတော့ မန္တလေးချည်စက်ရုံတွေကနေ ဝယ်ယူရပါတယ်။

မေး။ ။ ကုန်ချောဖြစ်လာဖို့အတွက် ဆောင်ရွက်ပုံလုပ်ငန်းအဆင့်ဆင့်ကိုလည်း သိပါရစေ။

ဖြေ။ ။ ကုန်ကြမ်းတွေဖြစ်တဲ့ သဘာဝချည်ထုတ်ကနေ ဆေးဆိုး၊ ချည်စာနင်း၊ ချည်ချ၊ ချည်ငင်၊ လိပ်လုံးရှည်တွေ အရင်လုပ်ရပါတယ်။ ပြီးတော့မှ ရက်ကန်းစင်တင်ပြီး ချည်ထည်အဖြစ် အဆင့်ဆင့် ရက်လုပ်ရပါတယ်။

မေး။ ။ လက်ရှိ လည်ပတ်နေတဲ့ရက်ကန်းစင်နဲ့ အလုပ်သမားဦးရေလေးလည်း သိပါရစေ။

ဖြေ။ ။ လက်ရှိမှာတော့ ပခုက္ကူမြို့ပေါ်အပါအဝင် မြို့နဲ့အနီးဝန်းကျင်မှာရှိတဲ့ ကျောက်ဆောက်၊ လေးတန်း၊ ကြီးရွာစတဲ့ ကျေးရွာတွေမှာ မိသားစုတွေအလိုက် ရက်ကန်းစင် သုံးစင်၊ ငါးစင်၊ ၁၀ စင် စသဖြင့်တည်ထားပြီး အလုပ်သမားဦးရေကတော့ ၅၀ နဲ့ ၁၀၀ ကြား ပုံမှန်လည်ပတ်နေပါတယ်။ ဒါ့အပြင် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့နဲ့ ရေစကြိုမြို့နယ်တွေမှာ တစ်ပိုင်တစ်နိုင် ရက်ကန်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေတဲ့သူတွေနဲ့လည်း ချိတ်ဆက်ကာ အထည်တွေ သိမ်းယူပြီး ရောင်းချပါတယ်။

မေး။ ။ လက်ရှိ လုပ်ငန်းအတွက် တွေ့ကြုံနေရတဲ့ အခက်အခဲလေးလည်း သိပါရစေ။

ဖြေ။ ။ ယခင်ဝယ်လိုအားနဲ့ ရောင်းလိုအားမှာ လက်မလည်အောင် အရောင်းအဝယ်တွေဖြစ်ခဲ့ပေမယ့် လက်ရှိဒေသအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုအခြေအနေတွေကြောင့် ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်းမြင့်တက်ပြီး ကုန်ချောပစ္စည်းတွေကိုလည်း အချိန်နဲ့တစ်ပြေးညီ အပ်နှံဖို့အတွက် အခက်အခဲတွေရှိပါတယ်။ အရောင်းအဝယ်နည်းပါးချိန်မှာလည်း အလုပ်သမားတွေ အလုပ်အကိုင်အခက်အခဲ မရှိစေဖို့အရေး ပုံမှန်အထည်တွေ သိမ်းယူရင်းနှီးထားရချိန်တွေမှာတော့ အခက်အခဲလေးတွေ ကြုံတွေ့ရ ပါတယ်။

မေး။ ။ စီးပွားရေးလုပ်ငန်းတွေ စတင်လုပ်ကိုင်မယ့် လူငယ်တွေအတွက် အကြံပြုစကားလက်ဆောင် ပြောပေးပါဦး။

ဖြေ။ ။ လူငယ်တွေအနေနဲ့ မိမိစတင်လုပ်ကိုင်မယ့် စီးပွားရေးလုပ်ငန်းအကြောင်းကို စနစ်တကျ စေ့စပ်သေချာစွာ လေ့လာသင်ယူပြီး အဲဒီလုပ်ငန်းရဲ့အားသာချက်၊ အားနည်းချက်တွေနဲ့ အတွေ့အကြုံတွေကို နည်းလမ်းကောင်းတွေနဲ့ အခြေခံကာ အောင်မြင်အောင် ကြိုးစားလုပ်ကိုင်စေလိုကြောင်း အကြံပြုတိုက်တွန်းလိုပါတယ်။

မေး။ ။ ပခုက္ကူဒေသထွက် ချည်ထည်တွေကို လူအများစုက ဘာကြောင့်နှစ်သက်ကြတယ်လို့ ထင်ပါ သလဲ။

ဖြေ။ ။ ပခုက္ကူဒေသထွက် ချည်ထည်တွေဟာ ချည်အစစ်နဲ့ ရက်လုပ်ထားတဲ့အထည်တွေဖြစ်ပြီး နွေ၊ မိုး၊ ဆောင်း သုံးရာသီမရွေး ဝတ်ဆင်နိုင်တဲ့အတွက် လူအများစုက ကြိုက်နှစ်သက်ကြတာပါ။ ချည်ထည်တွေနဲ့ပတ်သက်ပြီး လူအများစုက ခေါ်ဝေါ်သုံးနှုန်းတဲ့ စကားတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ “နွေမှာ အေး၊ ဆောင်းမှာ နွေး”ပဲ ဖြစ်ပါတယ်။ ချည်ထည်ရဲ့ သဘောသဘာဝအရ နွေရာသီကာလမှာ ဝတ်ဆင်ရင် အပူဒဏ်ကာကွယ်ပြီးသားဖြစ်လို့ အေးတဲ့အရသာကို ခံစားရတယ်။ ဆောင်းရာသီကာလမှာ ဝတ်ဆင်ပြန်တော့လည်း အအေးဓာတ်ကို ကာကွယ်ပေးတဲ့အတွက် နွေးတဲ့အရသာကို ခံစားရပြန်ပါတယ်။ ပခုက္ကူချည်ထည်ဟာ ချည်အစစ်ဖြစ်တဲ့အပြင် ရာသီဥတုသုံးပါးလုံးနဲ့ ကိုက်ညီတဲ့ အထည်အမျိုးအစားဖြစ်တဲ့အတွက် လူအများစုက ကြိုက်နှစ်သက်ကြတာ ဖြစ်ပါတယ်။

မေး။ ။ အခြားဆွေးနွေးလိုတာ ရှိရင်လည်း ဆွေးနွေးပေးပါဦး။

ဖြေ။ ။ ပခုက္ကူချည်ထည်ဟာ ဒေသရဲ့ အထင်ကရဒေသထုတ်ကုန်အဖြစ် ဂုဏ်ယူစွာသုံးစွဲနိုင်တဲ့ပစ္စည်းဖြစ်ပြီး ရာသီမရွေးဝတ်ဆင်ဖို့ သင့်လျော်တာရယ်၊ ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ သုံးစွဲနိုင်တာရယ်၊ ခရီးသွားလာရာမှာ လွယ်ကူပေါ့ပါးစွာ သယ်ယူနိုင်တာရယ်၊ မိဘလူကြီးသူမတွေကို လက်ဆောင် သို့မဟုတ် ကန်တော့ပစ္စည်းအဖြစ်ပေးဖို့ အဆင်ပြေတာရယ်တွေကြောင့် ကျွန်မတို့အနေနဲ့ မိသားစုအကျိုးစီးပွားထက် တိုက်ရိုက်ဝယ်ယူသုံးစွဲသူ ပြည်သူတွေအတွက်ပါ အကျိုးဖြစ်ထွန်းတဲ့ ချည်ထည်ပစ္စည်းတွေဖြစ်ဖို့အရေး အစဉ်အမြဲ ကြိုးစားထုတ်လုပ်ပေးနေပါတယ်။ ပြီးတော့ ဒေသခံပြည်သူတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိစေဖို့ တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုးပေးနိုင်တဲ့လုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်နေတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါတယ်။ ။

တွေ့ဆုံမေးမြန်း စန်းယုမော်(ပြန်/ဆက်)

ဓာတ်ပုံ ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)